အရှေ့တောင်အာရှ၏ ထိပ်တန်းဆန်ထုတ်လုပ်သည့် အင်ဒိုနီးရှားတွင် လယ်သမားအရေအတွက် ကျဆင်းလာ

ဂျာကာတာ၊ ဩဂုတ် ၄

အင်ဒိုနီးရှားသည် အရှေ့တောင်အာရှ၏ ထိပ်တန်းဆန်ထုတ်လုပ်သူအဖြစ် ပေါ်ထွက်လာပြီး ထိတ်တန်းဆန်ထုတ်လုပ်သည့် နိုင်ငံများဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့ကို ကျော်တက်သွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်းထုတ်လုပ်ရန် ရည်မှန်းထားပြီး၊ ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းတိုးလာသည်။ သို့သော် လယ်သမားဦးရေကျဆင်းလာခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ ရေရှည်ရှင်သန်နိုင်စွမ်းနှင့် နိုင်ငံတော်၏ ကြီးထွားလာနေသော စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ဆန်ထုတ်လုပ်မှု ၄၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အစိုးရအရန်ဆန်တန်ချိန် ၄ ဒသမ ၂ သန်းအထိ စံချိန်တင်စုဆောင်းထားနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

သို့သော်လည်း မညီမျှသောမြေယာခွဲဝေမှုနှင့် တောင်သူလယ်သမားများအတွက် ပံ့ပိုးကူညီမှုနည်းပါးခြင်းကဲ့သို့သော စိန်ခေါ်မှုများသည် ထုတ်လုပ်မှုတိုးတက်ခြင်းကို ဆက်လက်ဟန့်တားနေသည်။

ကာကာနှင့် အစ်(စ)နာလင်မယားနှစ်ဦးသည် အနည်းဆုံး ဆန် ၁ ဒသမ ၂ တန်ခန့်ကို တစ်နှစ်လျှင်သုံးကြိမ်ခန့် ရိတ်သိမ်းကြပြီး အထွက်နှုန်းတစ်ခုလုံးကို စက်ရုံများသို့ ရောင်းချကြသည်။ အဆိုပါရောင်းချမှုမှ ၎င်းတို့အတွက် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆၀ ခန့်ရရှိသည်။

ကာကာက သူမသည် အစိုးရထံမှ ဓာတ်မြေသြဇာ သို့မဟုတ် ငွေကြေးအကူအညီ မရရှိခဲ့ကြောင်း၊ အကယ်၍သာ ထောက်ပံ့မှုရရှိမည်ဆိုပါက ၎င်းတို့၏ နေ့စဉ်စားနပ်ရိက္ခာအ တွက် အထောက်အကူဖြစ်မည်ကို သတိပြုမိကြောင်း ပြောကြားသည်။

အစ်(စ)နာက “အစိုးရအနေနဲ့ လယ်သမားတွေကို ကူညီပေးသင့်တယ်။ အရင်းအနှီးတွေပံ့ပိုးပေးသင့်ပြီး မကြိတ်ခွဲရသေးတဲ့စပါးတွေကို သင့်တင့်တဲ့ဈေးနှုန်းတစ်ခုနဲ့ဝယ်ပြီး ကူညီပေးသင့်တယ်။” ဟု ဆိုသည်။

စပါးအထွက်တိုးရန်အတွက် အာဏာပိုင်များသည် ဓာတ်မြေသြဇာထောက်ပံ့မှုများ တိုးမြှင့်ပေးခြင်း၊ လယ်ယာသုံး စက်ယန္တရားများ အဆင့်မြှင့်တင်ခြင်း၊ စိုက်ပျိုးချိန်ဇယားနှင့် မကြိတ်ခွဲရသေးသည့်စပါးအတွက် ကြမ်းခင်းဈေးမြှင့်တင်ပေးသင့်သည်ဟု ဆိုသည်။

အရေးကြီးသောမေးခွန်းမှာ အင်ဒိုနီးရှားသည် ၎င်း၏ကိုယ်ပိုင်ဖူလုံမှုကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်သလားဟု လေ့လာသူများက ဆိုသည်။

People’s National Coalition for Food Security ၏ အမျိုးသားညှိနှိုင်းရေးမှူး အဗ္ဗဒူလာက စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပြောကြားသည်။

“ ကျွန်ုပ်တို့သည် ရေရှည်တည်တံ့သော ကိုယ်ပိုင်ဖူလုံမှုကိုလိုချင်လျှင် ဤအချက်သုံးချက်သည် မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းတို့သည် နဂိုအတိုင်းရှိနေရမည်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ဟုတ်ပါတယ် လယ်သမားတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို မျက်နှာသာပေးမယ့် ခိုင်မာတဲ့မူဝါဒတွေအရ သူတို့ကိုပံ့ပိုးပေးရမယ်။” ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနှင့် တီမောလက်စတေနိုင်ငံ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ဒါရိုက်တာ Rajendra Aryal က အင်ဒို နီးရှားရှိ လယ်သမား ၈၀ ရာခိုင်နှုန်းသည် ပျမ်းမျှအသက် ၄၀ အထက်ရှိသည်ဟု မှတ်ချက်ချခဲ့သည်။ “နောင်အနှစ် ၂၀ မှာ သူတို့အသက်က ၆၀ ဖြစ်လိမ့်မယ်” ဟု သူကပြောသည်။

“လုပ်သားအင်အားကို မထိန်းသိမ်းမချင်း ထုတ်လုပ်မှုကို ဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး။” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အစိုးရအချက်အလက်များအရ ကဏ္ဍခွဲအားလုံးတွင် တောင်သူလယ်သမားဦးရေသည် ၃၅ သန်းဝန်းကျင်မှ ၂၀၂၃ ခုနှစ်တွင် ၂၈ သန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

Credit: CNA

#ယနေ့ခေတ်

အရှေ့တောင်အာရှ၏ ထိပ်တန်းဆန်ထုတ်လုပ်သည့် အင်ဒိုနီးရှားတွင် လယ်သမားအရေအတွက် ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.