တရုတ်နှင့် ရုရှားတို့ ဂျပန်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

ဘေဂျင်း၊ ဩဂုတ် ၃

တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏မိတ်ဖက်ဆက်ဆံရေးကိုအားဖြည့်ရန်နှင့် အမေရိကန်ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို တန်ပြန်ထိန်းညှိရန် ကြိုးပမ်းမှုအဖြစ် ဂျပန်ပင်လယ်တွင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် ရုရှားအစိုးရများ၏ဆက်ဆံရေးသည် နက်နက်ရှိုင်းရှိုင်းရှိလာခဲ့ပြီး တရုတ်နိုင်ငံသည် ယူကရိန်းကို မော်စကို၏ကျူးကျော်မှုကြောင့် အ နောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခံနေရသည့်ရုရှားအား စီးပွားရေးအကူအညီများ ပံ့ပိုးပေးခဲ့သည်။

Joint Sea-2025 အမည်ရ စစ်ရေးလေ့ကျင့်မှုသည် ရုရှားဆိပ်ကမ်း Vladivostok အနီးရေပြင်တွင်စတင်ခဲ့ပြီး သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံတို့သည် “ရေငုပ်သင်္ဘော ကယ်ဆယ်ရေး၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး၊ ပူးတွဲလေကြောင်းရန် ကာကွယ်ရေးနှင့် ဒုံးကျည်တိုက်ဖျက်ရေး၊ စစ်ဆင်ရေးနှင့် ရေကြောင်းတိုက်ခိုက်ရေး” တို့ကို ပြုလုပ်မည်ဖြစ်သည်။

ပဲ့ထိန်းဒုံးကျည် Shaoxing နှင့် Urumqi အပါအဝင် တရုတ်သင်္ဘောလေးစင်းသည် ရုရှားစစ်သင်္ဘောများနှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်နေကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုအပြီးတွင် “ဆက်စပ် ပစိဖိတ်ရေပြင်” တွင် နှစ်နိုင်ငံရေတပ်ကင်းလှည့်မှုများ ပြုလုပ်မည်ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် ၂၀၁၂ ခုနှစ်မှစတင်၍ ပင်လယ်ပြင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ပြုလုပ်ခဲ့ကြ သည်။ ယမန်နှစ်က စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက် ပြုလုပ်ခဲ့သည်။

ဂျပန်ပင်လယ်ပြင်တွင် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းသည် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြီးခဲ့သည့်လကထုတ်ပြန်သည့် အစီရင်ခံစာတွင် သတိပေးခဲ့သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန်အတွက် ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်သည် ရုရှား၏ သုံးနှစ်ကျော်စစ်ပွဲကို ရှုတ်ချခဲ့သော်လည်း ၎င်း၏တပ်များကို ပြန်ရုပ်သိမ်းရန် တောင်းဆိုခဲ့ခြင်းမရှိချေ။ အမေရိကန်အပါအဝင် ယူကရိန်း၏မဟာမိတ်အ များအပြားကလည်း ဘေဂျင်းသည် မော်စကိုအားပံ့ပိုးပေးသည်ဟု ယုံကြည်ကြသည်။

ဥရောပခေါင်းဆောင်များသည် စစ်ပွဲအဆုံးသတ်ရေး တရုတ်၏သြဇာကိုအသုံးပြု၍ ရုရှားအားဖိအားပေးရန် ပြီးခဲ့သောလက တရုတ်နိုင်ငံကိုတောင်းဆိုခဲ့သော်လည်း ဘေဂျင်းက ထိုသို့လုပ်ဆောင်မည့် အရိပ်အယောင်မရှိပေ။

အနောက်နိုင်ငံများသည် ယူကရိန်းအား လက်နက်တပ်ဆင်ခြင်းဖြင့် ပဋိပက္ခကို ရှည်ကြာစေသည်ဟု စွပ်စွဲကာ တရုတ်နိုင်ငံသည် တိုက်ပွဲများရပ်တန့်ရန် ပုံမှန်တောင်းဆိုနေသည့် ကြားနေပါတီဖြစ်ကြောင်း တရုတ်က အခိုင်အမာပြောကြားခဲ့သည်။

Credit: Al Jazeera

#ယနေ့ခေတ်

တရုတ်နှင့် ရုရှားတို့ ဂျပန်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.