ထရမ့်ကခြိမ်းခြောက်နေသော်လည်း အိန္ဒိယသည် ရုရှားရေနံကိုဝယ်ယူလိမ့်မည်ဟု နယူးယောက်တိုင်းမ် ဖော်ပြ

နယူးယောက်၊ ဩဂုတ် ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြစ်ဒဏ်များချမှတ်မည်ဟု ခြိမ်းခြောက်နေသော်လည်း ရုရှားမှရေနံများကို ဆက်လက်ဝယ်ယူသွားမည်ဟု အိန္ဒိယတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာန က စနေနေ့တွင် ဖော်ပြခဲ့သည်။

ရိုက်တာသတင်းဌာနအနေဖြင့် အဆိုပါသတင်းကို ချက်ချင်းအတည်မပြုနိုင်သေးပါ။

အမေရိကန်ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

ထရမ့်သည် ပြီးခဲ့သည့်လက Truth Social Post တွင် အိန္ဒိယသည် ရုရှားလက်နက်နှင့် ရေနံဝယ်ယူမှုအတွက် နောက်ထပ်ပြစ်ဒဏ်များရင်ဆိုင်ရမည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း အိန္ဒိယသည် ရုရှားနှင့် မည်သို့လုပ်ဆောင်နေသည်ကို ဂရုမစိုက်ကြောင်း ၎င်းက နောက်ပိုင်းတွင် ပြောကြားသည်။

အိန္ဒိယသည် ရုရှားထံမှ ရေနံဝယ်တော့မည်မဟုတ်ဟု ကြားသိရကြောင်း ထရမ့်က သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။

နယူးယောက်တိုင်းမ်၏ဖော်ပြချက်အရ ပေါ်လစီအပြောင်းအလဲမရှိဟု အိန္ဒိယအကြီးတန်းအရာရှိနှစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။ ရုရှားမှရေနံတင်သွင်းမှုများကို ဖြတ်တောက်ရန် အစိုးရသည် ရေနံကုမ္ပဏီများအား မည်သည့်ဆုံးဖြတ်ချက်မှ ပေးမထားကြောင်း အိန္ဒိယအရာရှိတစ်ဦးက ပြောကြားသည်။

ဇူလိုင်လတွင် နည်းပါးလာသည့်လျှော့စျေးကြောင့် အိန္ဒိယအစိုးရ ရေနံချက်လုပ်ငန်းများသည် ရုရှားရေနံကို လွန်ခဲ့သည့်သီတင်းပတ်က မဝယ်ယူခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မော်စကိုသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရရှိပါက ရုရှားရေနံဝယ်ယူသည့်နိုင်ငံများအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ဇူလိုင် ၁၄ ရက်တွင် ထရမ့်ကခြိမ်းခြောက်ခဲ့သည်။

ရုရှားသည် အိန္ဒိယအတွက် ရေနံထိပ်တန်းတင်ပို့သူဖြစ်ပြီး အိန္ဒိယ၏ စုစုပေါင်းရေနံတင်သွင်းမှု ၃၅ ရာခိုင်နှုန်းခန့် ကို ပိုင်ဆိုင်ထားသည်။

Credit: Reuters

#ယနေ့ခေတ်

ထရမ့်ကခြိမ်းခြောက်နေသော်လည်း အိန္ဒိယသည် ရုရှားရေနံကိုဝယ်ယူလိမ့်မည်ဟု နယူးယောက်တိုင်းမ် ဖော်ပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.