တဲလ်အဗစ်၊ ဩဂုတ် ၄
ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲဟောင်းများအပါအဝင် အငြိမ်းစား အစ္စရေးလုံခြုံရေးအရာရှိ ၆၀၀ ခန့်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံသို့ ဂါဇာကမ်းမြောင်စစ်ပွဲကို ချက်ချင်းအဆုံးသတ်ရေး အစ္စရေးကိုဖိအားပေးရန် စာရေးပေးပို့ခဲ့သည်။
“ဟားမတ်စ်က အစ္စရေးကို ဗျူဟာမြောက် ခြိမ်းခြောက်နိုင်ခြင်းမရှိတော့ဘူးဆိုတာ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ သုံးသပ်ချက်ပါ” ဟု အရာရှိဟောင်းများက ပြောကြားသည်။
“အစ္စရေးလူမျိုးအများစုရဲ့ ယုံကြည်ကိုးစားမှုက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့အစိုးရကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်နိုင်ပါတယ်။ စစ်ပွဲကိုအဆုံးသတ်၊ ဓားစာခံတွေပြန်ပေး၊ ဆင်းရဲဒုက္ခတွေရပ်သွားအောင် လုပ်နိုင်စွမ်းကိုတိုးတက်စေတယ်” ဟု အရာရှိဟောင်းများက ရေးသားထားသည်။
ဟားမတ်စ်တို့နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ရပ်တန့်နေသဖြင့် နေတန်ယာဟုသည် ဂါဇာတွင် စစ်ဆင်ရေးများချဲ့ထွင်ရန် တွန်းအားပေးနေသည့် သတင်းများကြားတွင် ၎င်းတို့၏တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းတွင် ဟားမတ်စ်တို့၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ သေဆုံးပြီး၊ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဂါဇာသို့ခေါ် ဆောင်သွားပြီးနောက် အစ္စရေးက ဂါဇာတွင် ဆိုးရွားသောစစ်ပွဲကို စတင်ခဲ့သည်။

ထိုအချိန်မှစ၍ ဂါဇာတွင် အစ္စရေး၏စစ်ရေးလှုပ်ရှားမှုကြောင့် လူ ၆၀,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တနင်္လာနေ့တွင် အစ္စရေး၏တိုက်ခိုက်မှုအတွင်း ဒါဇင်နှင့်ချီသော သေဆုံးမှုအပါအဝင် ဂါဇာတွင် အနည်းဆုံး ၉၄ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အကူအညီတောင်းရင်း အနည်းဆုံး လူ ၂၄ ဦးသေဆုံးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
မကြာသေးမီလများအတွင်း ထိုသို့သောအစီရင်ခံစာများသည် နေ့စဉ်နီးပါးဖြစ်လာသော်လည်း BBC အပါအဝင် နိုင်ငံတကာသတင်းထောက်များအား ဂါဇာသို့ လွတ်လပ်စွာဝင်ရောက်ခွင့်ကို အစ္စရေးကပိတ်ဆို့ထားသောကြောင့် အတည်ပြုရန်ခက်ခဲသည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပြင်းပြင်းထန်ထန်ကန့်သတ်ချုပ်ချယ်မှုများကြောင့် နယ်မြေအမြောက်အမြား ဆုံးရှုံးနစ်နာမှုတွေ ကြုံနေရသည်။ စစ်ပွဲစတင်ကတည်းက ကလေး ၉၃ ဦးအပါအဝင် လူ ၁၈၀ သည် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောသည်။
ကုလသမဂ္ဂကျောထောက်နောက်ခံပြု အေဂျင်စီများက ဂါဇာတွင် “အဆိုးရွားဆုံးအငတ်ဘေးကြုံနေရသည်” ဟု ပြောကြားသည်။
Credit: BBC
#ယနေ့ခေတ်
ရာနှင့်ချီသော အစ္စရေးအရာရှိဟောင်းများက ဂါဇာစစ်ပွဲအဆုံးသတ်ရန် ထရမ့်ကို မေတ္တာရပ်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်