အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်တွင် ထရမ့်၏အထူးသံတမန် ဝစ်ကော့ဖ်နှင့် ပူတင် တွေ့ဆုံ

ကရင်မလင်၊ ဩဂုတ် ၆

အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ကရင်မလင်နန်းတော်၌တွေ့ဆုံခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။

ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် သမ္မတဒေါ်နယ်ထရမ့်သတ်မှတ်ထားသည့် နောက်ဆုံးနေ့ဖြစ်သော ဩဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဝစ်ကော့ဖ်သည် မော်စကိုမြို့ကိုရောက်ရှိခဲ့သည်။

ယူကရိန်းနှင့် ဆိုးရွားသောစစ်ပွဲကိုအဆုံးသတ်ရန် မလုပ်ဆောင်ပါက ရုရှားနှင့်ကုန်သွယ်မှုပြုလုပ်သူအားလုံးကို ပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးက ရုရှားသည်ငွေကုန်သွားပါက ငြိမ်းချမ်းရေးကို အလေးအနက်ထားလုပ်ဆောင်လိမ့်မည်ဟု ပြောကြားသည်။ ရုရှားရေနံကိုဝယ်ယူသည့်နိုင်ငံများအပေါ် အမေရိကန်က ပြင်းထန်သည့်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အခွန်စည်းကြပ်မည့် ခြိမ်းခြောက်မှုကို ကြိုဆိုသည်ဟု ၎င်းက ဆိုသည်။

သောကြာနေ့တွင် ပြေလည်မှုရရန်မျှော်လင့်ချက်များ မှေးမှိန်နေပြီး၊ ထရမ့်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ခြိမ်းခြောက်နေသော်လည်း သမ္မတပူတင်သည် ယူကရိန်းအပေါ် ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

မော်စကို၏ သုံးနှစ်ခွဲကြာ ကျူးကျော်စစ်နောက်ပိုင်း အစ္စတန်ဘူလ်တွင် ယူကရိန်းနှင့် ရုရှားကြား သုံးကြိမ်ဆွေးနွေးမှုသည် စစ်ပွဲပြီးဆုံးရန် နီးကပ်လာခဲ့သော်လည်း အစည်းအဝေးမှာ အောင်မြင်မှုမရဘဲဖြစ်ခဲ့သည်။

မော်စကို၏ စစ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆိုင်ရာသတ်မှတ်ချက်များသည် ကိယက်ဗ်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များအတွက် လက်ခံနိုင်စရာမရှိခဲ့ချေ။

ဇီလင်စကီးနှင့် ပူတင်တို့တွေ့ဆုံရန် ကိယက်ဗ်၏တောင်းဆိုမှုကိုလည်း ကရင်မလင်နန်းတော်က အကြိမ်ကြိမ်ပယ်ချခဲ့သည်။

ဇီလင်စကီးနှင့် ထရမ့်တို့ကြားတွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒရုန်းထုတ်လုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန်အစိုးရသည် ယူကရိန်းသို့ နောက်ထပ် ဒေါ်လာသန်း ၂၀၀ တန် စစ်ရေးပစ္စည်းများရောင်းချမှုကို အင်္ဂါနေ့တွင်အတည်ပြုခဲ့သည်။

မော်စကိုသည် ယူကရိန်း၏မြို့များကို လေကြောင်းမှတိုက်ခိုက်ရန် အာရုံစိုက်နေချိန်တွင် ယူကရိန်းသည် ရုရှား၏အဆင့်မြင့်စက်ရုံများနှင့် စွမ်းအင်စက်ရုံများကို ဒရုန်းများနှင့် တိုက်ခိုက်နေသည်။

လွန်ခဲ့သည့်သီတင်းပတ်က မြို့တော်ကိဗ်ကိုတိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုသည် ကိယက်ဗ်တွင် ကျူးကျော်မှုစတင်ချိန်မှစ၍ လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်သည်။

အလယ်ပိုင်း Zaporizhzhia ဒေသရှိ အားလပ်ရက်စခန်းတစ်ခုအား ရုရှားကတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“စစ်ဘက်ဆိုင်ရာပစ်မှတ်မဟုတ်တဲ့ ဒီတိုက်ခိုက်မှုဟာ အဓိပ္ပာယ်မရှိပါဘူး။ လူတွေကိုကြောက်ဖို့ဆိုတာ ရက်စက်ကြမ်းကြုတ်မှုပဲ” ဟု ဇီလင်စကီးက ပြောကြားခဲ့သည်။

Credit: BBC

#ယနေ့ခေတ်

အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်တွင် ထရမ့်၏အထူးသံတမန် ဝစ်ကော့ဖ်နှင့် ပူတင် တွေ့ဆုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.