ဟီရိုရှီးမား၊ ဩဂုတ် ၆
အမေရိကန်က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချခဲ့သည့် နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ဩဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံတွင် အသံတိတ်ဆုတောင်းပွဲ ကျင်းပခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာသည် အဆိုပါအခမ်းအနားသို့ ဟီရိုရှီးမားမြို့တော်ဝန် ကာဇုမိ မတ်ဆုအိအပါအဝင် ကမ္ဘာတဝှမ်းမှတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
မတ်ဆုအိက ကမ္ဘာလုံးဆိုင်ရာ “စစ်ရေးတည်ဆောက်မှုဆီသို့ အရှိန်အဟုန်မြှင့်လာသော လမ်းကြောင်းတစ်ခုနှင့် နျူကလီးယားလက်နက်များသည် နိုင်ငံတော်ကာကွယ်ရေးအ တွက် မရှိမဖြစ်လိုအပ်သည်” ဟူသောအယူအဆသည် “သမိုင်း၏အဖြစ်ဆိုးများမှ နိုင်ငံတကာအသိုက်အဝန်းမှ သင်ယူသင့်သည့် သင်ခန်းစာများကို ထင်ရှားစွာလျစ်လျူရှုခြင်း” ဖြစ်သည်ဟု သတိပေးခဲ့သည်။
အမေရိကန်သည် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များကို အဏုမြူဗုံးများကြဲချပြီးနောက် ဂျပန်နိုင်ငံက လက်နက်ချခဲ့သည်။

အဏုမြူဗုံးများကြောင့် လူပေါင်း ၂၀၀,၀၀၀ ကျော်ကိုသေဆုံးခဲ့ပြီး၊ အချို့မှာ ချက်ခြင်းပေါက်ကွဲခြင်းမှဖြစ်ပြီး အချို့မှာ ဓာတ်ရောင်ခြည်ဖျားနာမှုနှင့် မီးလောင်ဒဏ်ရာများကြောင့်ဖြစ်သည်။
“ကျွန်တော့်အဖေက ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွားမီးလောင်ပြီး မျက်စိကွယ်ခဲ့ပါတယ်။ သူ့အရေပြားက သူ့ ခန္ဓာကိုယ်မှာ တွဲလောင်းကျနေပြီး ကျွန်တော့်လက်ကိုတောင် ကိုင်လို့မရပါဘူး” ဟု ဟီရိုရှီးမားမှ အသက်ရှင်ကျန်ရစ်သူ ရှင်ဂိုနိုင်တိုက BBC သို့ ပြောကြားသည်။
သူခြောက်နှစ်သားအရွယ်တွင် သူ့မြို့ကိုဗုံးကျဲတိုက်ခိုက်ခံခဲ့ရပြီး သူ့အဖေနှင့် ညီငယ်နှစ်ဦးသေဆုံးခဲ့သည်။ မစ္စတာ နိုင်တိုသည် ဟီရိုရှီးမားရှိ ကျောင်းသားများအား သူ၏အဖြစ်အ ပျက်ကိုမျှဝေခဲ့ပြီး သူ၏အဖြစ်ဆိုးမှ အမှတ်တရများကို အနုပညာအဖြစ်ပုံဖော်ပေးနေသည်။
၂၀၂၄ ခုနှစ်တွင် ဂျပန်အဏုမြူဗုံးအဖြစ်ဆိုးမှ လွတ်မြောက်လာသူ နီဟွန် ဟီဒန်ကျိုသည် ကမ္ဘာကြီးမှ နျူကလီးယားလက်နက်ကို ဖယ်ရှားရန်ကြိုးပမ်းမှုအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့သည်။
မြို့တော်ဝန် မတ်ဆုအိက နျူလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်သည် နျူကလီးယားလက်နက်ပြန့်ပွားခြင်းကို တားဆီးရန်နှင့် နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုမှုကိုမြှင့်တင်ရန် ရည်မှန်းချက်ကို ကမောက်ကမဖြစ်စေမှု၏ အနားသတ်တွင်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
၂၀၂၁ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော နျူကလီးယားလက်နက်တားမြစ်ရေး နိုင်ငံတကာသဘောတူညီချက်ဖြစ်သည့် နူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို အတည်ပြုရန်လည်း မတ်ဆုအိက ဂျပန်အစိုးရအား တောင်းဆိုခဲ့သည်။
နိုင်ငံပေါင်း ၇၀ ကျော်က အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အမေရိကန်နှင့် ရုရှားတို့ကဲ့သို့ နျူကလီးယားအင်အားကြီးနိုင်ငံများက ယင်းစာချုပ်ကိုဆန့်ကျင်ကာ နျူလက်နက်များ တားဆီးရေးလုပ်ဆောင်မှုကို ဂရုမပြုဘဲနေခဲ့ကြသည်။
Credit: BBC
#ယနေ့ခေတ်
ဟီရိုရှီးမားကို အဏုမြူဗုံးကြဲချမှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်