ရန်ကုန်၊ ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်မှုကြောင့် လုပ်ပါကန် ကျိုးပေါက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ကားတစ်စီးနှင့်အတူ လူနှစ်ဦး ရေစီးဖြင့်မျောပါသွားကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်၊ ယနေ့ညနေပိုင်းက ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာ၊ (၅)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုပ်ပါကန် ကျိုးပေါက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ကားတစ်စီးနှင့်အတူ လူနှစ်ဦး ရေစီးဖြင့်မျောပါခဲ့ပြီး တစ်ဦးကိုပြန်တွေ့ကြောင်း သိရသည်။
“အဲ့ဒီမှာရေကြီးနေတာ ကားတစ်စီးလည်း ရေထဲမျောတယ်။ ကားထဲမှာပါတဲ့ လူနှစ်ယောက်မျောပါသွားတာ ကားနဲ့တစ်ဦးတော့ ပြန်တော့တွေ့ပြီ။ မိုးကလည်းသည်း လုပ်ပါကန်က ကျိုးသွားတော့ ဆိုင်ကယ်တစ်စီးလည်း ရေထဲမျောပါသွားတယ်။ လူကတော့လွတ်သွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုသို့ မိုးသည်းထန်စွားရွာသွန်းမှုကြောင့် နောင်ပိန် (၃) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းအိမ်များနှင့် စိုက်ခင်းများပါ ရေနစ်မြုပ်နေပြီး အရေးပေါ်ကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရ သည်။
“ရေကြီးတာကြောင့် ကြံခင်း၊ ပြောင်းဖူးခင်းတွေ ဧကမနည်းဘူး ရေမြုပ်သွားတယ်။ (၃)ရပ်ကွက် မြေနိမ့်ပိုင်းအိမ်တွေလည်း ရေနစ်၊ ရေမြုပ်တာတွေရှိတယ်။ အခုက ကယ်ဆယ်ရေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေမကျခင်အချိန်အထိတော့ ဖြတ်မောင်းတာတွေကို ခဏပိတ်ထားပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ပိန်ကျေးရွာရှိ ရွှေလမင်းဆီဆိုင်အပါအဝင် အဓိကလမ်းများ ရေနစ်မြုပ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ကမ်းလင့်လက်များလူမှုကူညီရေးအသင်း
#ယနေ့ခေတ်
ကျောက်မဲမြို့ နောင်ပိန်ကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပေါ် ကားတစ်စီးနှင့် လူနှစ်ဦး ရေစီးနှင့်မျောပါ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်