မော်စကို၊ ဩဂုတ် ၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အစောပိုင်းတွင် ကျင်းပနိုင်မည်ဟု ကရင်မ လင် ထိပ်တန်းလက်ထောက်တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။
အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ပြီး အချိန်မည်မျှကြာမည်ကို ပြောရန်ခက်ခဲသော်လည်း အစည်းအဝေးကို လာမည့်သီတင်းပတ်တွင်ကျင်းပရန် ရည်ရွယ်ထားကြောင်း ကရင်မလင်လက်ထောက် ယူရီ အက်ရှာကော့ဖ်က ရုရှားနိုင်ငံပိုင်မီဒီယာ RIA Novosti ကို ပြောကြားသည်။
အကယ်၍ တွေ့ဆုံမှုလုပ်ငန်းစဉ်သာ ရှေ့ဆက်သွားပါက ၂၀၂၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာမည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင်စခဲ့သည့် ယူကရိန်းကို ရုရှားနိုင်ငံ၏ကျူးကျော်စစ်ပွဲ အဆုံးသတ်ရေးအတွက် သမ္မတပူတင်သည် အမေရိကန်အထူးသံတမန် စတိဗ် ဝက်ကော့ဖ်နှင့်တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် ခေါင်းဆောင်နှစ်ဦးသည် မကြာမီတွေ့ဆုံနိုင်မည့် အခွင့်အရေးကောင်းရှိကြောင်း ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်ဟောင်း အက်ရှာကော့ဖ်က အစည်းအဝေးကျင်းပမည့်နေရာကို အတည်မပြုသော်လည်း တည်နေရာကိုသဘောတူထားပြီးဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း RIA ၏အဆိုအရ သိရသည်။
သို့သော် ရုရှားသမ္မတ ပူတင်၊ ထရမ့်နှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးတို့ကြား သုံးနိုင်ငံဆွေးနွေးရန် အခွင့်အလမ်းကို ဝက်ကော့ဖ်ကတင်ပြခဲ့သော်လည်း မော်စကိုက ယင်းအဆိုပြုချက်ကို တုံ့ပြန်ခြင်းမရှိကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရန် ခေါင်းဆောင်အဆင့်အစည်းအဝေးများအတွက် အလားအလာရှိသည့် ပုံစံအမျိုးမျိုးကို ဆွေးနွေးခဲ့ကြပြီး ထိုအထဲတွင် နှစ်နိုင်ငံအစည်းအဝေးနှစ်ခုနှင့် သုံးနိုင်ငံအစည်းအဝေးတစ်ခု ကျင်းပရန်ရှိသည်ဟု ဇီလင်စကီးက ကြာသပတေးနေ့တွင်ပြောကြားသည်။
ရုရှား၏စစ်ပွဲ အဆုံးသတ်ရေးအတွက် ဝက်ကော့ဖ်နှင့် ပူတင်တို့ ဗုဒ္ဓဟူးနေ့က မော်စကိုတွင်တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးကြား အောင်မြင်မှုမရရှိခဲ့ကြောင်း ထရမ့်က ပြောကြားသည်။
သဘောတူညီချက်အတွက် အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းရာတွင်လည်း ၎င်းက “ဤကိစ္စအတွက် ယခင်က စိတ်ပျက်ခဲ့ဖူးသည်” ဟု ပြောကြားခဲ့သည်။
Credit: CNN
#ယနေ့ခေတ်
ထရန့်-ပူတင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ကျင်းပနိုင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်