ဘန်ကောက်၊ ဩဂုတ် ၁၇
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအသံဖိုင် ပေါက်ကြားလာမှုနှင့်ပတ်သက်၍ ရာထူးမှဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏အမှုကို စီရင်ချက်ချမည့်အပေါ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က အခြေခံဥပဒေတရားရုံးမှ တရားသူကြီးများနှင့် လျှို့ဝှက်သဘောတူညီချက်ရယူခဲ့ကြောင်း ကောလာဟလသတင်းများကို ဖြူထိုင်းပါတီက ငြင်းဆိုလိုက်သည်။
ဖြူထိုင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူဟောင်း ပရိုပွန် နော့ပါရစ်က ယခုလအတွင်း နိုင်ငံရေးအရအကဲဆတ်သော အမှုနှစ်ခုအတွက် တရားရုံးများက စီရင်ချက်ချရန် ပြင်ဆင်နေချိန်တွင် သက်ဆင်နှင့် မစ္စ ပေတုံတန်တို့ကိုရည်ရွယ်သည့် သတင်းစကားများသည် အခြေအမြစ်မရှိသော လုပ်ကြံဖန်တီးမှုဖြစ်ကြောင်း စနေနေ့က ပယ်ချခဲ့သည်။
အာဏာရဖြူထိုင်းပါတီ၏ခေါင်းဆောင်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆထားသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား အသရေဖျက်မှုနှင့် ကွန်ပြူတာရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်တရားရုံးက သြဂုတ် ၂၂ ရက်တွင် စီရင်ချက်ချရန် စီစဉ်ထားသည်။
အဆိုပါအမှုအပြီး တစ်ပတ်အကြာ သြဂုတ်လ ၂၉ ရက်နေ့တွင် မစ္စ ပေတုံတန်သည် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ဖောက်ဖျက်ခြင်းရှိ/မရှိကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။
အတိုက်အခံများသည် မယုံကြည်မှုနှင့် ရှုပ်ထွေးမှုများကိုနှိုးဆော်ရန် အချိန်ကိုက်လုပ်ဆောင်နေကြပြီး တရားသူကြီးများကို နိုင်ငံရေးသို့ဆွဲခေါ်ခြင်းသည် တရားစီရင်ရေး၏ ယုံကြည်စိတ်ချရမှုကိုလည်း ထိခိုက်စေနိုင်ကြောင်း မစ္စတာ ပရိုပွန်က ပြောကြားခဲ့သည်။
“အဲဒါကိုစဉ်းစားကြည့်ပါ။ ဘယ်သူက ဒီလိုမျိုးလုပ်မှာလဲ။ သက်ဆင်ရဲ့ကိစ္စက ဘာမှမရှိဘူး၊ အဲဒါ စိုးရိမ်စရာအကြောင်းမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ပေတုံတန်၏အမှုနှင့်ပတ်သက်၍ တရားရုံးသို့တင်ပြသည့် သက်သေထွက်ဆိုချက်များ၊ စာရွက်စာတမ်းများနှင့် ရှင်းလင်းချက်များသည် ပြည့်စုံပြီး၊ စွပ်စွဲချက်အားလုံးကို ဖြေရှင်းနိုင်သည်ဟု ၎င်းက ပြောသည်။
“ ဝန်ကြီးချုပ်ဟာ ပွင့်လင်းမြင်သာစွာပြုမူခဲ့ပြီး ပေါက်ကြားလာတဲ့အသံဖိုင်မှာ နိုင်ငံတော်ရဲ့လုံခြုံရေးကိုထိခိုက်စရာ ဘာတစ်ခုမှမရှိဘူး” ဟု မစ္စတာ ပရိုပွန်က ပြောကြားသည်။
မစ္စ ပေတုံတန်နှင့် ဟွန်ဆန်တို့အကြား ပြီးခဲ့သည့်ဇွန် ၁၈ ရက်က အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဖုန်းမှတ်တမ်းတစ်ခုတွင် အငြင်းပွားဖွယ်ရာပြောကြားချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါမှတ်တမ်းထဲတွင် မစ္စ ပေတုံတန်က ဒုတိယတပ်မတော်ဒေသမှူးနှင့်ပတ်သက်၍ ဝေဖန်မှုများပြုလုပ်ခဲ့ပြီး ဟွန်ဆန်၏တောင်းဆိုချက်များကို လိုက်လျောလိုကြောင်း ရိုရိုကျိုးကျိုးပြောဆိုခဲ့သည်။
တရားရုံးသို့တိုင်ကြားချက်တွင် နိုင်ငံရေးရာထူးယူထားသူတစ်ဦးက ကျင့်ဝတ်စံနှုန်းများကို ဖောက်ဖျက်သည်ဟု စွပ်စွဲထားသည်။
ကြာသပတေးနေ့တွင် တရားရုံးသို့တင်သွင်းလာသည့်စာ၏ ရှင်းလင်းချက်၌ မစ္စ ပေတုံတန်၏အသံဖိုင်တွင် “ မင်းလိုချင်တာရှိရင် ငါ့ကိုအကြောင်းကြားပါ။ အလေးထားပါ့မယ်။” ဟူသည့် အထူးအငြင်းပွားဖွယ်ရာ မှတ်ချက်တစ်ခုပါရှိသည်။
ပေတုံတန်က သူမဖခင်၏ မိတ်ဆွေတစ်ဦးဖြစ်သည့် ဟွန်ဆန်ကို နှစ်သိမ့်ရန်ကြိုးပမ်းစဉ် စကားလုံးများသည် သူမ၏စေ့စပ်ညှိနှိုင်းရေးနည်းစနစ် တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ဟု ဆိုသည်။
Credit: bangkokpost.com
#ယနေ့ခေတ်
တရားသူကြီးများနှင့် လျှို့ဝှက်သဘောတူညီချက် ယူထားသည်ဆိုသည့် ကောလာဟလများကို ဖြူထိုင်းပါတီ ပယ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်