ရန်ကုန်၊ ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဆိပ်မူကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်၊ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကြီးကျေးရွာအနီးတွင် နလအတပ်နှင့် KIA ပူပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
“မနေ့ညကမှစတာ။ ဒီနေ့မနက်ကတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ လက်နက်ကြီးသံတွေရော၊ အသေးသံတွေရောပဲ။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နဲ့ နောက်ကျောကနေပြီးတော့ ဆိပ်ဆိုင်းတောင်ကို အနောက်လမ်းပေါက်တယ်။ အဲ့ဘက်တစ်ကျောမှာ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။” ဟု ဖားကန့်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာအနီးအနားတွင် နေအိမ်အတွင်းပိတ်မိနေသည့် ဒေသခံအချို့လည်းရှိနေကြောင်း သိရသည်။
“ပိတ်မိနေတဲ့လူတွေရဲ့အခြေအနေကို မသိရသေးဘူးဗျ။ မရှီကထောင်ရပ်ကွက်ကနေ ရေအေးချောင်နောက်လမ်းလို့လည်းခေါ်တယ်။ အဲ့ဒီက ရတနာစိန်သီရိဝန်းပတ်ခြာလည်မှာလည်း နေအိမ်တွေရှိတယ်။ အဲ့ဒီကနေမှ ထုံးဘိုကျေးရွာရှိတယ်။ အဲ့ကျေးရွာတွေမှာ ပြည်သူတွေပိတ်နေတာပါ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဖားကန့်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် မော်ဝမ်း၊ ငှက်ပျော်တော၊ အေးမြသာယာ၊ မြို့မနှင့် မရှီကထောင်ရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-TLM
#ချစ်ချစ်ခိုင်
ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်