အီရန်စစ်ပွဲအနိုင်ရရန် ဗြိတိန်အကူအညီ မလိုအပ်ဟု ထရမ့် ဆို

လန်ဒန်၊ မတ် ၈

ဗြိတိန်သည် အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောနှစ်စင်းစေလွှတ်ရန် “ အလေးအနက်ထားစဉ်းစားနေ” ဟု ပြောကြားခဲ့သော်လည်း စစ်ရေးမဟာမိတ်များကြား နောက်ဆုံးဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အမေရိကန်သည် အီရန်စစ်ပွဲအနိုင်ရရန် ဗြိတိန်ကိုမလိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က စနေနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

ယခုအပတ်အတွင်း အမေရိကန်၏ ဗြိတိန်အခြေစိုက်စခန်းများမှ အီရန်အားတိုက်ခိုက်ရန် လန်ဒန်ကခွင့်ပြုချက်မပေးခြင်းကြောင့် နှစ်နိုင်ငံသမိုင်းဝင် ရင်းနှီးသည့်ဆက်ဆံရေးကို ဖျက်ဆီးခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာကို ထရမ့်က ပြောကြားခဲ့သည်။

အီရန်နှင့်ပဋိပက္ခအတွင်း ဗြိတိန်၏ပံ့ပိုးမှုမရှိခြင်းကို “ မှတ်မိနေလိမ့်မယ်” ဟု Truth လူမှုကွန်ရက်တွင် ထရမ့်က ပြောကြားခဲ့သည်။

“ တစ်ချိန်က ကျွန်တော်တို့ရဲ့ မဟာမိတ်ကြီး၊ သူတို့အားလုံးထဲမှာ အကောင်းဆုံးဖြစ်နိုင်တဲ့ ယူနိုက်တက်ကင်းဒမ်းဟာ အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောနှစ်စင်းစေလွှတ်ဖို့ နောက်ဆုံးတော့ အလေးအနက်ထား စဉ်းစားနေပါပြီ” ဟု ထရမ့်က ပြောကြားသည်။

“ အဆင်ပြေပါတယ် ဝန်ကြီးချုပ် စတားမာ။ ကျွန်တော်တို့ သူတို့ကို နောက်ထပ်မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှတ်ထားပါမယ်။ ကျွန်တော်တို့ အနိုင်ရပြီးနောက်ပိုင်း စစ်ပွဲတွေမှာပါဝင်မယ့်သူတွေကို ကျွန်တော်တို့ မလိုအပ်တော့ပါဘူး” ဟု ဆိုသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက Prince of Wales လေယာဉ်တင်သင်္ဘောကို ဖြန့်ကျက်ရန် ပြင်ဆင်နေကြောင်း စနေနေ့က ပြောကြားပြီးနောက် ထရမ့်၏ပြောဆိုချက် ထွက်ပေါ်လာသည်။

သို့သော် အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောပို့မည်၊ မပို့မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်မချရသေးကြောင်း ဗြိတိသျှအရာရှိတစ်ဦးက ပြောသည်။

စတားမာက အခြေစိုက်စခန်းတွေအပေါ် ရပ်တည်ချက်ကို ကာကွယ်

အီရန်အပေါ် ကနဦးတိုက်ခိုက်မှုများတွင် အမေရိကန်တပ်ဖွဲ့များကိုပံ့ပိုးရန် ဗြိတိန်အခြေစိုက်စခန်းများကို အသုံးပြုခွင့်မပြုရန် သူ့ရဲ့ဆုံးဖြတ်ချက်ကို စတားမာက ကာကွယ်ခဲ့ပြီး စစ်ရေးလုပ်ဆောင်မှုတိုင်းသည် တရားဝင်ပြီး ကောင်းမွန်စွာစီစဉ်ထားသည်ဆိုသည်ကို ကျေနပ်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် အီရန်ဒုံးကျည်များကို ခုခံကာကွယ်တိုက်ခိုက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များအား သိုလှောင်ရုံများ သို့မဟုတ် လောင်ချာများအတွက် ဗြိတိန်အခြေစိုက်စခန်းများကို စတားမာက အသုံးပြုခွင့်ပေးခဲ့သည်။

ထရမ့်၏မှတ်ချက်များအကြောင်း မေးမြန်းရာတွင် “ ဒီအလုပ်ကိုလုပ်ရင်း ကျွန်မသင်ယူခဲ့ရတာက လူမှုမီဒီယာပို့စ်တွေကို အာရုံစိုက်မယ့်အစား အနှစ်သာရကို အာရုံစိုက်ရမယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယူဗ်တီကော့ပါးက တနင်္ဂနွေနေ့တွင် Sky News ကို ပြောကြားခဲ့သည်။

“ ကျွန်မတို့က ဟောပြောချက်တွေ ဒါမှမဟုတ် ချဲ့ကားပြောဆိုချက်တွေနဲ့ လုပ်ဆောင်မှာမဟုတ်ပါဘူး။ လက်တွေ့ကျပြီး တည်ငြိမ်တဲ့ဆုံးဖြတ်ချက်ချမှုတွေနဲ့ပဲ လုပ်ဆောင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဗြိတိန်ရဲ့စရိုက်လက္ခဏာက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ပဲလို့ ကျွန်မထင်ပါတယ်။” ဟု သူမက ပြောသည်။

ဒီနှစ်အစောပိုင်းတွင် ဂရင်းလန်းကိုဝယ်ယူရန် ထရမ့်၏ဆန္ဒကို စတားမာက ဝေဖန်ခဲ့ပြီး အာဖဂန်နစ္စတန်စစ်ပွဲတွင် ဥရောပတပ်များက ရှေ့တန်းတိုက်ပွဲများကို ရှောင်ရှားခဲ့သည်ဆိုသည့် ထရမ့်၏မှတ်ချက်များသည် “ တကယ်ကို ကြောက်စရာကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

Ref: reuters.com
ယနေ့ခေတ်

အီရန်စစ်ပွဲအနိုင်ရရန် ဗြိတိန်အကူအညီ မလိုအပ်ဟု ထရမ့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.