ရန်ကုန်၊ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ဖိုလေးလုံးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်အချို့ ပျက်စီးခဲ့ကြောင်း သိရ သည်။
မတ်လ ၂၁ ရက်၊ ညနေ ၅ နာရီကျော်က ဖိုလေးလုံးကျေးရွာနှင့် မုန်ချောင်းရေကျော်ကျေးရွာကြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဝိသုတာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ ဆောက်လက်စကျောင်းဆောင်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့က ညနေပိုင်း ၅ နာရီကျော်ကဖြစ်တာပါ။ ကျန်တဲ့နေရာတွေတော့ သိပ်မဖြစ်လိုက်ဘူး။ ဦးဇင်းတို့နေရာတော့ တော်တော်လေးဖြစ်သွားတယ်။ တည်ဆောက်နေတဲ့ ဝိသုတာရာမ ကျောင်းတိုက်ကြီးက မပြီးစီးသေးတဲ့ ကျောင်းတော်ကြီး ရုတ်တရက်လေတိုက်တာကြောင့် တချို့ပျက်စီးသွားတယ်။ မိုးထက် လေတိုက်တာက ပိုပြင်းတယ်။ အပေါ်ကသွပ်တွေလည်းလန်သွားတယ်။ သိမ်ဆိုရင် အပေါ်ကမျက်နှာကြက်တွေပါ အောက်ပြုတ်ကျကုန်တာ။ လူထိခိုက်မှုတွေတော့မရှိပါဘူး။” ဟု ဝိသုတာရာမ ဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးက ယနေ့ခေတ်သို့ မိန့်ကြားသည်။
အဆိုပါ ဝိသုတာရာမ ဘုန်းကြီးကျောင်းသည် ၂ နှစ်ကျော်ကြာတည်ဆောက်ခဲ့ရကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက မတ် လ ၂၁ ရက်၊ ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
video-သဗ္ဗသုခလူမှုကူညီရေးအသင်း
ယနေ့ခေတ်
မကွေးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ပျက်စီးမှုအချို့ဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်