ရန်ကုန်၊ မတ် ၂၆
ရန်ကုန်တိုင်း၊ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် အငှါးယာဉ်မောင်းနေသည့် အဆိုတော် ဦးပတ်ထရစ်သည် စက်သုံးဆီတန်းစီသည့်နေရာအနီးတွင် ဦးနှောက်သွေးကြောပြတ်ကာ ကားပေါ်တွင်သေဆုံးသွားကြောင်း သိရသည်။
မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီကျော်က ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်ရှိ Max ဆီဆိုင်ရှေ့တွင် ဦးတင်ထွန်း(ခေါ်) အဆိုတော် ဦးပတ်ထရစ်သည် စက်သုံးဆီတန်းစီနေသည့်နေရာအနီးတွင် Heat Stroke ဖြစ်ရာ ကားပေါ်တွင်သေဆုံးသွားကြောင်း သိရသည်။
“အဆိုတော် ဦးပတ်ထရစ်က စိစစ်ကြည့်တာတော့ သူမောင်းတဲ့ကားက gas ကားပါ။ စက်သုံးဆီတွေတန်းစီနေတဲ့နေရာမှာ ကားကကွေ့ကြောဆိုတော့ ကားကိုကွေ့ချလိုက်ပြီးတော့ ကားပေါ်မှာသူက အန်ထားတာလည်းတွေ့တယ်။ ကားပေါ်မှာ ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတာ။ စက်သုံးဆီတန်းစီနေရင်းနဲ့ သေတာတော့မဟုတ်ပါဘူး။ သူမိသားစုနဲ့လည်း အ ဆက်သွယ်ရပါပြီ။ သူကအဆိုတော်တစ်ယောက်ပါ။ သူ့အမျိုးသမီးတော့လာပါတယ်။ ”ဟု မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသွားသည့် ဦးတင်ထွန်း (ခေါ်) ဦးပတ်ထရစ်၏ရုပ်အလောင်းကို မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မေတ္တာအလင်း
အဆိုတော် ဦးပတ်ထရစ် ဦးနှောက်သွေးကြောပြတ်ကာ ကားပေါ်တွင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်