ရန်ကုန်၊ မတ် ၂၇
တနင်္သာရီတိုင်း၊ ထာဝယ်မြို့တွင် စက်သုံးဆီတန်းစီရာက အဖိုးအိုတစ်ဦးမူးလဲခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်၊ နံနက် ၁၁ နာရီကျော်က ထားဝယ်မြို့တွင် စက်သုံးဆီတန်းစီနေသည့် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦး မူးလဲခဲ့ကြောင်း သိရသည်။
“မနက်က ၇ နာရီ ထဲက ဆီတန်းစီနေကြတာ။ အဖိုးမူးလဲတဲ့အချိန်နဲ့ဆို ၄ နာရီ၊ ၅ နာရီလောက်ကြာနေပြီ။ နေကလည်းအရမ်းပြင်းတော့ အသက်ကလည်းကြီးပြီဆိုတော့ ခံနိုင်ရည်မရှိတာလည်းပါမယ်။ အိမ်မှာလည်း ကျန်းမာရေးမကောင်းတဲ့သူနဲ့ အဖိုးနဲ့ပဲရှိတာလို့တော့သိရတယ်။ လွယ်တော့မလွယ်ဘူး။ အဖိုးအသက်က ၈၀ တော့ကျော်မယ်ထင်တယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စက်သုံးဆီတန်းစီရာတွင် မူးလဲသွားသည့်အဖိုးကို နီးစပ်ရာအသိမိတ်ဆွေများက နေအိမ်သို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းက မန္တတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦး စက်သုံးဆီတန်းစီးပြီး အိမ်ပြန်အရောက်တွင် မူးလဲကျကာသေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ၂၆ ရက်၊ နံနက် ၁၀ နာရီကျော်ကလည်း ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိတ်ရှိ Max ဆီဆိုင်ရှေ့တွင် ဦးတင်ထွန်း(ခေါ်) အဆိုတော် ဦးပတ်ထရစ်သည် စက်သုံးဆီတန်းစီးနေသည့်နေရာအနီးတွင် Heat Stroke ဖြစ်ရာမှ ကားပေါ်တွင်သေဆုံးသွားကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ထားဝယ်မြို့တွင် စက်သုံးဆီတန်းစီရာမှ အဖိုးအိုတစ်ဦးမူးလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်