အ‌ရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီအကျပ်အတည်းနှင့် မြန်မာ

ချစ်ချစ်ခိုင်

အ‌ရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများသည် လောင်စာဆီအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသည်လည်း ကင်းလွတ်ခွင့်မရှိဘဲ အဆိုပါအကျပ်အတည်းကို ခါးစည်းခံကြရသည်။ နိုင်ငံအသီးသီးက မိမိတို့နှင့်ကိုက်ညီမည့် မူဝါဒများချမှတ်ပြီး အကျပ်အတည်းမှရုန်းထွက်နိုင်ရန် ကျိုးစားလျှက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ကိုယ်ပိုင်မူဝါဒများချမှတ် အကောင်အထည်ဖော်နေဆဲမှာပင် ပြည်သူတို့၏နေ့စဉ်ဘဝမှာ ခက်သည်ထက် ခက်ခဲလာသည်။

ရန်ကုန်မြို့အတွင်း မောင်းနှင်နေသည့် ကီလိုအငှါးယာဉ် (Taxi) အစီးရေ ၂၀၀ နီးပါးရှိပြီး၊ ယခုအခါ စက်သုံးဆီအခက်အခဲကြောင့် အစီးရေ ၉၀ ကျော်သာထွက်နိုင်ပြီး၊ ကားသမားအချို့မှာ ဆီတန်းနေရချိန်များပြားလွန်းသဖြင့် အုံနာကြေးပင်မရှာနိုင်တော့သည့်အတွက် ကားပိုင်ရှင်များထံ ပြန်အပ်ရသည့် အခြေအနေများနှင့် ကြုံတွေ့လာရကြောင်း သိရသည်။

“ကားက အော်ဒါကြေး သုံးထောင်ပိုတင်ပေးရင်တောင် ကားလုံလောက်မှုမရှိဘူး။ အရင်တုန်းက ကီလိုမှာ အစီးရေပေါင်း ၂၀၀ လောက်ရှိတယ်။ အခုဆို ၁၀၀ တောင်မပြည့်တော့ဘူး။ တချို့ကားသမားတွေဆို ညအိပ်စောင့်ပြီး ဆီတန်းစီရတွေရှိတယ်။ တချို့ကျတော့လည်း ဆီမရ။ ဆီမရတော့ ကားမထွက်နိုင်။ အဲ့တော့ အုံနာကြေးပေးရမှာက နှစ်သောင်းခွဲ၊ သုံးသောင်းဆိုတော့ မပေးနိုင်တာတွေဖြစ်လာတယ်။ အဲ့တော့ အုံနာဆီ ကားပြန်အပ်လိုက်ရတဲ့သူတွေလည်း ရှိလာတယ်ပေါ့။ ကားမမောင်းရတော့ မိသားစုစားဝတ်နေရေးတွေပါ ဆက်တိုက်ထိခိုက်ခံရတာပေါ့။” ဟု ကီလိုအငှားယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စက်သုံးဆီအကျပ်အတည်းသည် မြို့ပြများတွင်သာမဟုတ်ဘဲ ကျေးလက်များရှိ စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ထိခိုက်လာကြောင်း သိရသည်။ ယခုအချိန်သည် ပဲခူးရာသီဖြစ်ရာ ပဲခူးရာတွင်အသုံးပြုရသည့် ထွန်စက်များမောင်းနှင်ရန်အတွက် တရားဝင်ဆီရောင်းချခြင်းမရှိရာ စက်သုံးဆီလိုအပ်ချက်မြင့်မားနေပြီး အခက်အခဲများရင်ဆိုင်နေရကြောင်း သိရသည်။

“အရင်က ထွန်စက်သမားတွေရတယ်။ ထွန်စက်တွေကိုပေးသေးတယ်။ ဆီဆိုင်တွေက အခုမပေးတော့ဘူး။ ဘာလို့လည်းဆိုတော့ ကားတွေလိုပေါ့ ကားတွေကိုဆို ဝှီးတက်စ်ရှိမှပေးတယ်။ ထွန်စက်တွေကျတော့ ဘာစာရွက်မှမပါလို့ မပေးတော့တာ။ အခုက ထွန်စက်တွေနဲ့ ပဲတွေရိတ်သိမ်းတဲ့အချိန်။ တချို့ဆိုရင် ကိုယ့်လယ်ထဲရှိတာလောက်ပဲ ရိတ်ကြတော့တယ်။ သူများတွေကို လိုက်မရိတ်ပေးတော့ဘူး။ ဆီမရလို့။ ဆီကတော်တော်ခက်ခဲတာ။ “ ဟု ကျောက်တန်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှ ရွာခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လောင်စာဆီအခက်အခဲများကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ ကုန်စည်များပို့ဆောင်ရာတွင် သယ်ယူခစျေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားသို့ ပို့ဆောင်းပေးနေသည့် ကြက်မွေးမြူရေးလုပ်ငန်းအချို့ ရပ်နားထားရပြီး၊ လုပ်ငန်းလည်ပတ်မှုမရှိသည့်အတွက် ကြက်သားစျေးနှုန်းများပါ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

“ကြက်တွေကို မပို့တော့ဘူး နားထားရတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ ဆီပြဿနာစဖြစ်တုန်းကတည်းကပဲ။ ကျွန်တော်က ကြက်တွေကိုပို့မယ်ဆို လမ်းမှာဆီပြတ်လို့ ဆီတန်းစီရမဲ့အချိန်နဲ့ဆိုရင် ကြက်အကောင်ပေါက်လေးတွေက အသက်ရှုကျပ်ပြီးသေတယ်။ အဲ့တော့ နားထားရတယ်။ ကြက်မွေးမယ့်သူတွေကို မပို့နိုင်တော့ဘူးဆိုရင်တော့ ကြက်သားစျေးတွေကလည်း တက်လာမှာပဲ။ ကြက်စျေးတင်မဟုတ်ပါဘူး။ အခုက သယ်ယူပို့ဆောင်ခတွေပါတက်တာ။ ခါတိုင်း ကြက်အကောင် ၂၀ ပါတစ်ခြင်းကို ကားခတစ်သောင်းပေးရတယ်။ အခုက သုံးသောင်း၊ လေးသောင်း အဲ့လောက်တောင်းနေတာဆိုတော့ စီးပွားရေးအနေနဲ့လည်း ထိခိုက်လာပါတယ်။” ဟု ပဲခူးမြို့တွင် ကြက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ယ နေ့ခေတ်သို့ ပြောသည်။

ထို့အပြင် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့လာရောက်ကြသည့် ကုန်တင်ကားများလည်း စက်သုံးဆီအခက်အခဲများကြောင့် လမ်းခရီးတွင်ကြံ့ကြာမှုများဖြစ်ပေါ်နေပြီး ကုန်ပစ္စည်းဝင်ရောက်မှုများ နှောင့်နှေးခဲ့ရကြောင်း သိရသည်။

“ကုန်တွေက အဝင်တွေသိပ်မရှိဘူး ဒီရက်ထဲဆို။ ရှိတာတွေပဲ ရောင်းချနေရတာ စျေးတွေကမတည်မငြိမ်နဲ့။ ရှမ်းပြည်ကလာတဲ့ ကုန်စိမ်းကားအချို့လည်း လမ်းခရီးပြဿနာတွေကြောင့်ကြာရတာနဲ့ ဆီတွေမရလို့ လမ်းမှာနားလိုက်၊ ဆီဖြည့်လိုက်နဲ့ဆိုတော့ ကုန်အချို့ဆို အခြေအနေမကောင်းဘူး။ ဒီ ရန်ကုန်ကိုရောက်ဖို့ဆိုတာ ခက်တယ်။ အဲ့တော့ ကျန်တာလေးတွေရောင်းရတော့ပေါ့။ ပစ္စည်းတွေဝင်လာရင်တောင် အရင်စျေးတော့မရဘူး။ အတက်စျေးနဲ့မိဖို့များတယ်။ လတ်တလော ပစ္စည်းတွေက အဝင်မရှိသေးတော့ ရှိတဲ့လက်ကျန်တွေကိုပဲ စျေးညှိ့ပြီးရောင်းချနေရတယ်။” ဟု ကုန်းစိမ်းရောင်းချသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ အိမ်ပြောင်း၊ အိမ်ရွှေ့လုပ်ငန်များလုပ်ကိုင်နေသည့် လုပ်ငန်ရှင်အချို့လည်း စက်သုံးဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ခများ အနည်းငယ်စျေးတက်လာကြောင်း သိရသည်။

“အရင်ကတော့ ၁၄ ပေကားတစ်စီးကို တစ်သိန်းနှစ်သောင်းယူတယ်ပေါ့နော်။ အခုတော့ တစ်သိန်းလေးသောင်း၊ တစ်သိန်းခွဲတော့ယူပါတယ်။ ဒီနေ့မနက်ဆို မနက် ၆ နာရီထဲက ဆီတန်းစီတာ။ မနက် ၁၁ နာရီမှာ ဆီကပြတ်သွားတယ်။ ကိုယ်ရောက်တဲ့အချိန်မှာ ၁၂ နာရီကျော်ဆိုတော့ ဆီကမရလိုက်ဘူး။ အဲ့တော့ အိမ်ပြောင်းရွှေ့ပေးဖို့ဆိုရင်တော့ အဆင်မပြေတော့ဘူး။ အဲလို့အခက်အခဲတော့ရှိပါတယ်။ ကျွန်တော်တို့က ဒီဇယ်ကားပါ။ ဒီဇယ်ကပိုရှားတယ်။” ဟု ရန်ကုန်မြို့အတွင်း အိမ်ပြောင်း၊ အိမ်ရွှေ့လုပ်ကိုင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် မန္တလေးတွင် စက်သုံးဆီလိုသလောက်မရရှိ၍ စက်သုံးဆီပြတ်လပ်လာပါက မန္တလေး-ဗန်းမော်ခရီးစဉ်အား ရပ်နားရတော့မည်ဖြစ်ကြောင်း ခရီးသည်တင်ကားဂိတ်မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။ စက်သုံးဆီဝယ်ယူရာတွင် ခက်ခဲနေမှုများကြောင့် မန္တလေး-ဗန်းမော်သို့ ခရီးသည်တစ်ဦးလျှင် ယခင်က ၁၅၀, ၀၀၀ ကျပ်ဖြင့် ပို့ဆောင်နေပြီး၊ ယခုအခါ တစ်ဦးလျှင် ၂၀၀,၀၀၀ ကျပ်ထိစျေးတိုးတောင်းလာရကြောင်း သိရသည်။

“အခုတော့ မြစ်ကြီးနားဘက်ထိတော့ မမောင်းတော့ဘူး။ မန္တလေး-ဗန်းမော်လောက်ပဲမောင်းတယ်။ တစ်လဆို သုံးခေါက်လောက်တော့ မောင်းတယ်။ အခုဆိုရင် မတ္တရာဘက်က တရားဝင်ဆီဆိုင်တွေမှာဆို တစ်လီတာ တစ်သောင်းတစ်ထောင်ပေးရတယ်။ ဒါတောင်ဆိုင်တိုင်းမရဘူးဗျ။ ခရီးသည်တွေကိုတော့ တစ်ယောက်ကို ငါးသောင်းတော့တက်သွားတယ်။ ပြောချင်တာတော့ လမ်းခရီးလုံလောက်အောင်တော့မရဘူး။ ရောက်အောင်မောင်းဖို့နဲ့ ကားထွက်ဖို့က အတော်ခက်ခဲတယ်။ ဒီသင်္ကြန်အတွင်းမှာ ဆီမရရင်တော့ ကားကိုနားရတော့မှာပေါ့ဗျ။ ” ဟု မန္တလေး-ဗန်းမော် ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်တွင်းပြေဆွဲနေသည့် ခရီးသည်တင်အဝေးပြေးကားအချို့မှာ သင်္ကြန်ကာလအတွင်း စက်သုံးဆီများ ပြတ်လပ်မှုဖြစ်ပေါ်လာပါက ကြိုတင်လက်မှတ်ဝယ်ယူထားသူများကို ငွေပြန်အမ်းမည်ဟု ကြေညာထာသလို၊ ပရဟိတအသင်းဖြစ်သည့် “ထိုက်သူပန်” Express ယာဉ်လိုင်းများသည် မန္တလေး-နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ၂၀၂၆ ခု နှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ခရီးသည်တစ်ဦးလျှင် ၁၇,၀၀၀ ကျပ်နှုန်းဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေသည်ဟု ဆိုသည်။

“သင်္ကြန်ကာလကို ဘာလုပ်ရမယ်ဆိုတာ အခုအချိန်ထိ ဘာမှတော့မဆုံးဖြတ်ရသေပါဘူး။ ထိုက်သူပန် ယာဉ်လိုင်းခကို စျေးလုံးဝတိုးယူတာမရှိပါဘူး။ ကားခတိုးမယူတဲ့အပြင် ကားအစီးရေပါ ထပ်တိုးပေးနေပါတယ်။ ယာဉ်လိုင်းစဆွဲကတည်းက သူများထက်နည်းပြီးသားပါ ရန်ကုန်-နေပြည်တော် ၁၇,၀၀၀ ကျပ်ပဲ ယူပါတယ်ဗျာ။ အခုလည်း ၁၇,၀၀၀ ပဲယူပါတယ်။ ကျွန်တော်က ပရဟိတလုပ်ချင်တဲ့အတွက် သူများလိုင်းတွေထက်တော့ စျေးသက်သာပါတယ်။ ဆီသာမရတာ မြတ်လားဆိုတော့ မမြတ်ပါဘူး။” ဟု ထိုက်သူပန် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ အသေးစားလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့မှာလည်း လျှပ်စစ်မီးပြတ်တောက်သည့်အချိန်တွင် မီးစက်များနှင့် လုပ်ငန်းလည်ပတ်ရန် စက်သုံးဆီခက်ခဲမှုကြောင့် အခက်အခဲဖြစ်ပေါ်နေပြီး ဝင်ငွေလျှော့နည်းလာမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။

“ဆိုင်မှာမီးပြတ်တဲ့အချိန် ခေါင်းလာလျှော်ရင် ဧည့်သည်တွေကိုပြန်လွှတ်ရတယ်။ ခါတိုင်းဆို မီးစက်နဲ့မောင်းပြီး ဆံပင်အခြောက်ခံတဲ့စက်တို့ ဖြောင့်စက်တို့ကို လုပ်ပေးလို့ရတယ်။ ဆီကဘယ်မှာမှ ဝယ်မရတာ။ မှောင်ခိုလည်းမရ။ တစ်လီတာတစ်သောင်းပေးဝယ်လည်းမရဘူး။ ကိုယ့်ဆီကို အမြဲတမ်းရောင်းပေးနေတဲ့သူတွေဆို ကြက်ပျောက် ငှက်ပျောက်ပဲ။ ပေါ်ကိုမလာတာ။ ဆံပင်အတွက်ဆိုရင်တော့ ဝင်ငွေနည်းသွားတော့ပေါ့။” ဟု အလှပြင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ရန်ကုန်-ဒလမြို့ရှိ ဓာတ်ဆီဆိုင်အချို့တွင် သုံးရက်တစ်ခါသာ စက်သုံးဆီရောင်းပေးနေသည့်အတွက် ကူးတို့စက်လှေများသည် မှောင်ခိုစျေးကွက်တွင် (မတ်လ ၂၅ ရက်နေ့) တစ်လီတာကို ၇၀၀၀ ကျပ် ၇၅၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်း သိရသည်။

“ဆီတွေက အမြဲမရဘူးလေ။ ဦးလေးကတော့ ဒီဇယ်သုံးရတာ။ ဆီဆိုင်တွေမှာက သုံးရက်တစ်ခါပဲပေးတော့ အဆင်မပြေဘူး။ အဲ့ဒီတော့ အပြင်ကနေ တစ်လီတာကို ခုနှစ်ထောင်၊ ခုနှစ်ထောင်ငါးရာနဲ့ ဝယ်ရတာပေါ့။ ဦးတို့အနေနဲ့က ဒလတံတားကြီးရှိလာတော့ စက်လှေတွေက အရင်လောက်မမောင်းရတော့ဘူး။” ဟု ရန်ကုန်-ဒလပြေးဆွဲနေသည့် စက်လှေမောင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မတ်လ ၂၄ ရက်မှစ၍ ရန်ကုန်-ကျုံကျိုက်၊ မြင်းကကုန်၊ မော်ကျွန်းစသည့်နေရာများကို ပြေဆွဲနေသည့် သင်္ဘောစီးနင်းခမှာလည်း တစ်ဦးလျှင် ယခင် ၁၂,၀၀၀ ကျပ်မှ ယခု ၂၀,၀၀၀ ကျပ်အထိ နှစ်ဆနီးပါမြင့်တက်လာကြောင်း သိရသည်။ အဆိုပါရေယာဉ်များ ပြေဆွဲရာတွင် ရန်ကုန်မှမော်ကျွန်:-မော်ကျွန်းမှ ရန်ကုန် အသွားအပြန်ကို ဒီဇယ် ဂါလံပေါင်း ၁၅၀ အ သုံးပြုရပြီး၊ လက်ရှိတွင် ဝယ်ယူရန်အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ယခုအခါ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌက စက်သုံးဆီရှားမှုကြောင့် အများပြည်သူများမဖြစ်မနေအသုံးပြုရသည့် အရေးပေါ်လူနာများအား သယ်ယူပို့ဆောင်ပေးသည့် လူမှုကူညီရေးအသင်းကားများအတွက် စက်သုံးဆီဝယ်ယူရာတွင် ဖြေလျှော့ပေးရန်လိုကြောင်း ပြောကြားချက်ကို အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင် စီက မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် မီးရထားခရီးစဉ်များနှင့် အဝေးပြေဘတ်စ်ကားခရီးစဉ်များ အစရှိသည့် ပြည်သူများသယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်စက်သုံးဆီများကို ဖြည့်တင်းဆောင်ရွက်သွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ချစ်ချစ်ခိုင်

ယနေ့ခေတ်

အ‌ရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီအကျပ်အတည်းနှင့် မြန်မာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.