ပါရီ၊ ဧပြီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မဟာမိတ်များအား ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေး လုပ်ဆောင်ရန် တိုက်တွန်းပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဟော်မုဇ်ရေလက်ကြားကို အတင်းအကြပ်ဖွင့်ရန် စစ်ရေးအရ စစ်ဆင်ရေးတစ်ခုစတင်ခြင်းသည် လက်တွေ့မကျဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်ခဲ့ပြီး အီရန်က အစ္စရေး၊ အမေရိကန်စခန်းများနှင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတစ်ဝှမ်းတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ အီရန်သည် ကမ္ဘာလုံးဆိုင်ရာရေနံနှင့် အရည်ပျော်သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးတွင် စွမ်းအင် တင်သင်္ဘော ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေသည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပစ်ခဲ့သည်။
“ စစ်ရေးအရ စစ်ဆင်ရေးမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို အတင်းအကြပ်လွတ်မြောက်စေရေး အယူအဆကို လူအချို့ကကာကွယ်ပြောဆိုကြပြီး အမေရိကန်ပြည်ထောင်စုက တစ်ခါတစ်ရံတွင် ဖော်ပြလေ့ရှိသော်လည်း ကွဲပြားမှုများရှိပါသည်” ဟု မက်ခရွန်က တောင်ကိုရီးယားသို့ ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
“ ဒါဟာ လက်တွေ့မကျတဲ့အတွက် ကျွန်တော်တို့ထောက်ခံခဲ့တဲ့ ရွေးချယ်မှုမဟုတ်ခဲ့ပါဘူး” ဟု ၎င်းက ပြောကြားသည်။ “ ဒါက အချိန်အတော်ကြာမှာဖြစ်ပြီး ရေလက်ကြားကိုဖြတ်သွားသူအားလုံးဟာ တော်လှန်ရေးအစောင့်တပ်တွေရဲ့ အန္တရာယ်တွေကိုသာမက ပဲ့ထိန်းဒုံးကျည်တွေရဲ့ အန္တရာယ်တွေကိုပါ ကြုံတွေ့ရလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
ရန်လိုမှုများ ရပ်တန့်သွားသည်နှင့် ဟော်မုဇ်ကို လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်စေရန် မဟာမိတ်အဖွဲ့တစ်ခု တည်ထောင်ရန် ဥရောပက အခြားမဟာမိတ်များနှင့်အတူ လုပ်ဆောင်ခဲ့သော မက်ခရွန်က အီရန်နှင့်ဆွေးနွေးခြင်းဖြင့်သာ ၎င်းကိုလုပ်ဆောင်နိုင်မည်ဟု ပြောကြားသည်။
“ အစကတည်းက ကျွန်တော်တို့ပြောနေတာက ဒီရေလက်ကြားကို ပြန်ဖွင့်ရမယ်ဆိုတာ စွမ်းအင်စီးဆင်းမှု၊ ဓာတ်မြေဩဇာနဲ့ နိုင်ငံတကာကုန်သွယ်ရေးအတွက် မဟာဗျူဟာကျတဲ့အတွက်ပါ။ ဒါပေမယ့် အီရန်နဲ့တိုင်ပင်ဆွေးနွေးမှသာ လုပ်ဆောင်နိုင်မှာပါ” ဟု ၎င်းက ပြောကြားသည်။
နေတိုးမဟာမိတ်များအပေါ် ထရမ့်၏ဝေဖန်မှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် မက်ခရွန်က “ အမေရိကန်တွေက အစ္စရေးနဲ့ သူတို့ဘာသာဆုံးဖြတ်ထားတဲ့ စစ်ဆင်ရေးတစ်ခုအ ကြောင်း ကျွန်တော်မှတ်ချက်မပေးချင်ပါဘူး။ သူတို့က အကူအညီမရတာကို စိတ်မကောင်းဖြစ်မိပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်ပါတယ်။” ဟု ဆိုသည်။
“ ဒါက ပြက်လုံးတစ်ခုမဟုတ်ပါဘူး” ဟု မက်ခရွန်က ထပ်လောင်းပြောကြားခဲ့သည်။ “ ကျွန်တော်တို့ စစ်နဲ့ ငြိမ်းချမ်းရေးအကြောင်းပြောနေတာပါ… အလေးအနက်ထားပြီး တစ်နေ့နေ့မှာ ကျွန်တော်တို့ပြောခဲ့တာတွေနဲ့ ဆန့်ကျင်ဘက် မပြောပါနဲ့” ဟု ထရမ့်အကြောင်းပြောနေခြင်း ဟုတ်မဟုတ် မပြောဘဲ သူက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်ကို NATO မဟာမိတ်အဖွဲ့မှ ဆွဲထုတ်ရန် ထရမ့်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မက်ခရွန်က “ NATO ကဲ့သို့သော မဟာမိတ်အဖွဲ့များသည် မပြောထားသည့်အရာမှ ၎င်းတို့၏ခွန်အားကို ရရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့နောက်ကွယ်ရှိ ယုံကြည်မှုမှ ရရှိသည်။ သင်၏ကတိကဝတ်များနှင့်ပတ်သက်၍ နေ့တိုင်း သံသယများဖန်တီးပါက ၎င်း၏အနှစ်သာ ရကို ပျက်ပြယ်စေသည်” ဟု ပြောကြားခဲ့သည်။
ပြင်သစ်ခေါင်းဆောင်က ၎င်းနှင့် ၎င်း၏ဇနီး ဘရီဂျစ်ကို လှောင်ပြောင်သော ထရမ့်၏မှတ်ချက်များသည် လက်ရှိအချိန်နှင့် “ ကြော့ရှင်းမှုမရှိသလို လိုက်လျောညီထွေလည်းမရှိကြောင်း” ပြောကြားခဲ့သည်။
Ref: reuters.com
ယနေ့ခေတ်
ဟော်မုဇ်ရေလက်ကြားကို အတင်းအကြပ်ဖွင့်ခြင်းသည် လက်တွေ့မကျဟု မက်ခရွန် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်