ကက်ရှ်မီးယား၊ ဩဂုတ် ၁၅
အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားတွင် သြဂုတ်လ ၁၅ ရက်၊ သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းကာ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူ ၆၀ ဦးထက်မနည်းသေဆုံးကာ ၂၀၀ ကျော်ပျောက်ဆုံးနေကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် ကျောက်တုံးများနှင့် အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ရွှံ့မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ကြာသပတေးနေ့က ချာဆိုတီရွာကို ရေလွှမ်းမိုးခဲ့သည်။ ဟိမဝန္တာတောင်တက်မည့်ဘုရားဖူးများ တောင်ခြေတွင် နေ့လယ်စာစားရန်စုဝေးနေစဉ် ရွံ့နွံများကဖုံးလွှမ်းသွားခဲ့သည်။ ပြီးခဲ့သည့်သီတင်းတပတ်အတွင်းကလည်း ဟိမဝန္တာတောင်ပတ်ဝန်းကျင်တွင် သဘာဝဘေးဖြစ်ပေါ်ခဲ့သေးသည်။
“ ကျွန်တော်တို့ အသံအကြီးကြီးတစ်ခုကြားရပြီး ရုတ်တရက်ရေလွှမ်းမိုးလာတယ်။ လူတွေအော်ဟစ်ပြီး တချို့က ချေနပ်မြစ်ထဲကို မျောပါသွားခဲ့ပါတယ်။ တချို့ကတော့ အပျက်အစီးတွေအောက်မှာ မြုပ်သွားပါတယ်” ဟု ဒဏ်ရာရဘုရားဖူးတစ်ဦးဖြစ်သည့် ရာကတ်ရှ် ရှာမာက ပြောသည်။
ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများထဲမှ လူများကိုကယ်ထုတ်ရန်ကြိုးပမ်းနေကြသည်။ အိတ်များ၊ အမှိုက်များ၊ လူသုံးပစ္စည်းများ၊ ကျိုးကျနေသောဓာတ်တိုင်များမှာ ရွှံ့များကြားတွင် ပြန့်ကျဲနေသည်။

အနည်းဆုံး လူ ၆၀ သေဆုံးပြီး၊ ၁၀၀ ကျော်ဒဏ်ရာရကာ ၂၀၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျမ်မူးနှင့် ကက်ရှ်မီးယားဝန်ကြီးချုပ် အိုမာ အဗ္ဗဒူလာက သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားသည်။
ဟိမဝန္တာတောင်တန်းများသည် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်နိုင်ခြေရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုပါဖြစ်ရပ်များ၏ ပြင်းထန်မှုနှင့် အကြိမ်ရေသည် တိုးများလာနေကြောင်း သိပ္ပံပညာရှင်အချို့က ဆိုသည်။
ပြီးခဲ့သည့်တစ်ပတ်ကျော်အကြာ ကြာသပတေးနေ့ကလည်း ဟိမဝန္တာပြည်နယ် အူတာရာခန်းရှိ ရွာတစ်ရွာလုံး ရေကြီးမှုနှင့် ရွှံ့မြေပြိုမှုအောက်ရောက်ခဲ့ရပြီးနောက် ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ သဘာဝတရားက ကျွန်တော်တို့ကို စမ်းသပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ မြေပြိုမှုတွေနဲ့ တခြားသဘာဝဘေးဆိုးတွေကို ရင်ဆိုင်ခဲ့ရပါတယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အိန္ဒိယနိုင်ငံ၏ (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်ပြုလုပ်သည့် အခန်းအနားတွင် ပြောကြားသည်။
အိန္ဒိယမိုးလေဝသဌာနက မိုးတိမ်တောင်များသည် တစ်နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာကျော် သည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများ တောင်တန်းဒေသများတွင် ဖြစ်ပေါ် နိုင်သည်ဟု ဆိုသည်။
အိမ်နီးချင်း နီပေါနိုင်ငံတွင် ယခုနှစ် ဇွန်လဆန်းပိုင်းကရွာသွန်းခဲ့သော မုတ်သုံမိုးကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မိုးသီးမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၄၁ ဦးထက်မနည်းသေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးကာ ၁၂၁ ဦးဒဏ်ရာရခဲ့ကြောင်း နီပေါနိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်ကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
Credit: CNA
#ယနေ့ခေတ်
ကက်ရှ်မီးယားတွင် ရေကြီးမြေပြိုမှုများကြောင့် လူ ၆၀ သေဆုံး၊ ၂၀၀ ကျော်ပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်