ရန်ကုန်၊ သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်တွင် ဩဂုတ် ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတစ်ဦးအား သက်သေခံသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်အား အမည်မသိလူလေးဦးက သေနတ်ကိုင်ဓားပြတိုက်ရာတွင် လုံခြုံရေးဝန်ထမ်းများက ပြန်လည်ခုခံဖမ်းဆီးခဲ့ရာ ဓားပြသုံးဦးအနက် တစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ သေနတ်ကိုင် ဓားပြတိုက်သူလေးဦးထဲက တစ်ဦးကို လုံခြုံရေးဝန်ထမ်းတွေက ရုန်းရင်းဆန်ခတ် ဖမ်းဆီးရမိပါ တယ်။ လုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူစည်ကားတဲ့နေရာမှာ ဖြစ်သွားတာပါ။ စိုးထိတ်ဖွယ်ကောင်းပါတယ်” ဟု ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်ဘေးတွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ သေနတ်ကိုင် ဓားပြတိုက်သူလေးဦးကို ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် လုံခြုံရေးဝန်ထမ်းက ပြန်လည်ဖမ်းဆီးခဲ့ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲစခန်းက ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်အား ဝင်ရောက်ဓားပြတိုက်မှုတွင်ပါဝင်သူ တရားခံကို ဖမ်းဆီးအရေးယူထားကြောင်း သိရ သည်။
ထွက်ပြေးလွတ်မြောက်သွားသူ တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရသည်။
အလားတူ မတ်လ ၂၃ ရက်က ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခေတ်
ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတစ်ဦးကို သေနတ်နှင့်အတူ ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်