ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်သိန်းချီကာ အရေးပေါ်အကူအညီများလိုအပ်နေ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၄

ရခိုင်ပြည်နယ်အတွင်း နလအတပ်နှင့် AA တပ်တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်း၊ လမ်းပန်ဆက်သွယ်ရေး ပိတ်ဆို့နေခြင်းကြောင့် စာနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် စစ်ဘေးရှောင်သိန်းချီကာ အခက်အခဲမျိုးစုံကြုံတွေ့နေကြရကြောင်း သိရ သည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့တားစီးခြင်းနှင့် ရန်ပုံငွေဖြတ်တောက်ခြင်းများကြောင့် ဆာလောင်မွတ်သိပ်မှု၊ အာဟာရချို့တဲ့မှုများ မြင့်တက်လာပြီး ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က တိုက်တွန်းထားကြောင်း သိရ သည်။

“အဓိက ကုန်စျေးနှုန်းတက်တာနဲ့ အလုပ်အကိုင်ရှားပါးမှုတွေ ဒွန်တွဲနေတဲ့အခါကျတော့ ပြည်သူတွေ အတော်ကိုဒုက္ခရောက်ကြရပါတယ်။ မိုးရာသီဆိုတော့ တောင်ပေါ်မှာထင်းခုတ်မယ့်သူဆိုလည်း အရင်လိုခုတ်မရတော့ဘူး။ အဲ့ဒီကမှ ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် ထမင်းတစ်နပ်စားဖို့တောင် မလွယ်ပါဘူးဗျ။ အများကြီးရုန်းကန်နေရပါတယ်။ စစ်ဘေးရှောင် သုံးပုံထဲက နှစ်ပုံလောက်က ထမင်းမစားရတဲ့သူတွေဖြစ်တယ်ဗျ။” ဟု ပုဏ္ဏာကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရိုးချောင်းဘက်တွင် ငှက်ဖျားရောဂါများ ကြုံတွေ့ခံစားနေရသည့် စစ်ဘေးရှောင်များ ဆေးကုသမှုခံယူရန်လည်းခက်ခဲနေကြောင်း သိရသည်။ ထို့အတူ တိုက်ပွဲများအကြား ကျောင်းနေအရွယ် ကလေးသူငယ်များမှာလည်း စာသင်ကြားနိုင်ခြင်းမရှိဘဲ မိသားစုဝမ်းရေးအတွက် ဝိုင်းဝန်းဖြေရှင်းနေကြရကြောင်း သိရသည်။

“ကလေးတွေကကျတော့ အခွင့်အရေးတွေ တော်တော်ဆုံးရှုံးနေတယ်။ ပညာရေးအခွင့်အလမ်းတွေ ဘာတစ်ခုမှမရဘူး။ စာသင်ရမဲ့အရွယ်မှာ စာမသင်ရဘဲ မိသားစုနဲ့အတူ အလှူခံတယ်။ အလုပ်လုပ်ရင်း ဝမ်းရေးအတွက်ဖြေရှင်းနေကြရတယ်။ ဝင်ငွေပုံမှန်မရတဲ့အခါတွေမှာ ဆေးကုသတဲ့စရိတ်က စျေးကြီးတော့ ကျန်းမာရေးတစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးမကုရတာတွေ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကနေ ဆေးဝယ်ပြီးသောက်ရတော့ ရောဂါသေးသေးမွှားမွှားလေးကနေ ရောဂါကြီးကြီးမားမားဖြစ်သွားတာလည်းရှိတယ်ဗျ။” ဟု စစ်ဘေးရှောင်များကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ဆေးဝါးများစျေးနှုန်းမြင့်မားနေပြီး ဝယ်ယူရန်အခက်အခဲများရှိနေကာ အမျိုးသမီးအသုံးဆောင်များလည်းလိုအပ်နေကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

“အမျိုးသမီးတွေအတွက် အသုံးဆောင်ပစ္စည်းတွေ လိုတာပေါ့နော်။ ပြီးတော့ ဆေးဝါးတွေပေါ့။ ဆေးဝါးတွေကလည်း စျေးကြီးနေတော့ အမျိုးသမီးတွေရဲ့ကျန်မားရေအတွက်လည်း ခက်ခဲနေပါတယ်။” ဟု ပုံဏ္ဏာကျွန်းမြို့နယ်မှ စစ်ရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ကားလမ်း၊ ရေလမ်းများပိတ်ထားကာ လေကြောင်းလမ်းတစ်ခုသာ အသုံးပြုနေရပြီး၊ ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်နေခြင်းကြောင့် ကူညီပေးနိုင်ရန်ပင် အခက်အခဲရှိများရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ ပရဟိတလုပ်နေသူတွေလည်း အခုချိန်မှာ တော်တော်လေးကိုကြပ်တည်းနေပါတယ်။ အသင်းရပ်တည်ဖို့တောင် မနည်းကြိုးစားနေရပါတယ်။ အသင်းရဲ့လုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် ကူညီပေးနိုင်ဖို့ကျတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာတွေရယ် နောက်ထပ် ရန်ပုံငွေရရှိမှုနည်းပါးနေတာတွေရယ်ကြောင့် အများကြီးကို ကြန့်ကြာနေပါဗျာ။” ဟု ရခိုင်ပြည်နယ်မှ စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အခြေအနေများကြောင့် မြေပြင်ရှိအာဏာပိုင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပေးရန် WFP က တောင်းဆိုထားကြောင်း သိရသည်။

WFP သည် လာမည့်ခြောက်လအတွင်း ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း ၂၇၀,၀၀၀ ကိုကူညီရန် အမေရိကန်ဒေါ် လာ သန်း ၃၀ လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၃ ဒသမ ၅ သန်းကျော်သည် လက်နက်ကိုင်ပဋိပက္ခများကြောင့် အခြေခံလိုအပ်ချက်များ မရနိုင်သည့်အခြေအနေများနှင့် ကြုံတွေ့နေရပြီး၊ မြို့နယ်၊ ကျေး ရွာအဆင့်အဆင့်ကို ဖြတ်ကျော်ထွက်ပြေးနေရ ခြင်းကြောင့် ဒုက္ခတွင်းပိုနက်နဲလာခဲ့ကြကြောင်း OCHA Myanmar မှ ထုတ်ပြန်ထားသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ပုံဏ္ဏားကျွန်းရှိစစ်ဘေးရှောင်များ (ပုံဟောင်း)

#ယနေ့ခေတ်

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်သိန်းချီကာ အရေးပေါ်အကူအညီများလိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.