ကယ်ဆယ်ရေးထရပ်ကားများ လုယက်ခံရခြင်းသည် ဂါဇာစစ်ပွဲ၏ အရက်စက်ဆုံးအဆင့်ဖြစ်ကြောင်း ကုလအကြီးအကဲ ပြောကြား

ဂါဇာ၊ မေ ၂၄

ပါလက်စတိုင်းအား ကာလကြာရှည်ပိတ်ဆို့ထားမှုကို ဖြေလျှော့ပေးပြီးနောက် အစားအစာသယ်ယူလာသည့် ထရပ်ကားတစ်ဒါဇင်ကျော် လုယက်ခံရသည့်ဂါဇာတွင် ပါလက်စတိုင်းတို့ ကြံ့ကြံ့ခံ့ခံနေကြရသည်ဟု ကုလသမဂ္ဂအကြီးအကဲက သောကြာနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်များကို ဖျက်ဆီးရန်ရည်ရွယ်သည့် တိုးချဲ့ထိုးစစ်ကို အရှိန်မြှင့်လိုက်ပြီးနောက် အကန့်အသတ်ဖြင့် အစားအစာများတင်ပို့မှုကို ပြန်လည်ခွင့်ပြုမည်ဟု အစ္စရေးကကြေညာခဲ့ရာ စစ်ဘေးသင့်ဒေသသို့ အကူအညီများ ပြန်လည်ပို့ဆောင်နေပြီဖြစ်သည်။

ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ မိုဟာမက်အယ်လ်မူဂါယိုင်ယာက အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇၁ ဦး သေဆုံးခဲ့ကြောင်း၊ ဒါဇင်နှင့်ချီသော ဒဏ်ရာရသူများနှင့် အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူအများအပြားရှိနေသည်ဟု ပြင်သစ်သတင်းဌာန(AFP)သို့ သောကြာနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က “ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများသည် ရက်စက်ကြမ်းကြုတ်သော ပဋိပက္ခ၏အဆိုးရွားဆုံးအဆင့်ကို ကြံ့ကြံ့ခံနေကြရသည်” ဟု ပြောကြားသည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အစ္စရေးကခွင့်ပြုရန်နှင့် လွယ်ကူချောမွေ့စေရန် သဘောတူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခွင့်ရထားသည့် အကူအညီပေးရေးကုန်တင်ကားအစီး ၄၀၀ နီးပါးတွင် ၁၁၅ စီးသာ ဝင်ရောက်နိုင်ခဲ့ကြောင်း ၎င်းက သတိပေးခဲ့သည်။

“မည်သို့ပင်ဆိုစေကာမူ ယခုအချိန်အထိ ခွင့်ပြုထားသည့် အကူအညီအားလုံးသည် အကူအညီလိုအပ်နေချိန်တွင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ပမာဏသာဖြစ်သည်” ဟု ၎င်းက ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ၊ အစ္စရေးစစ်တပ်ရဲ့ထိုးစစ်ဟာ ရက်စက်ကြမ်းကြုတ်ပြီး သေကြေပျက်စီးမှုအဆင့် အမြင့်ဆုံးအထိ ပြင်းထန်လာနေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ၎င်း၏ “ထရပ်ကား ၁၅ စီးသည် WFP ကပံ့ပိုးပေးထားသည့် မုန့်ဖုတ်ဆိုင်များသို့ ပို့ဆောင်စဉ် ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် မနေ့ညနေနှောင်းပိုင်းက လုယက်ခံခဲ့ရသည်” ဟု သောကြာနေ့က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာအကူအညီတွေ ထပ်တိုးလာဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ငတ်မွတ်ခေါင်းပါးမှု၊ စိတ်ပျက်အားငယ်မှုတွေ မြင့်တက်လာတာဟာ မလုံခြုံမှုကို ပိုမိုခံစားရစေပါတယ်” ဟု ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသသို့ စားနပ်ရိက္ခာအကူအညီ ပိုမိုမြန်ဆန်စွာရရှိရန် အစ္စရေးအာဏာပိုင်များကို တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: Bangkok Post

#ယနေ့ခေတ်

ကယ်ဆယ်ရေးထရပ်ကားများ လုယက်ခံရခြင်းသည် ဂါဇာစစ်ပွဲ၏ အရက်စက်ဆုံးအဆင့်ဖြစ်ကြောင်း ကုလအကြီးအကဲ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.