ကိုရီယာ-မြန်မာချစ်ကြည်ရေး (ဒလ)တံတား ယာဉ်ဖြတ်သန်းခများကောက်ခံမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ကိုရီယာ-မြန်မာချစ်ကြည်ရေး (ဒလ)တံတား ယာဉ်ဖြတ်သန်းခများကို တန်ချိန်အလိုက် ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ဒလတံတား ယာဉ်းဖြတ်သန်းခများကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ယာဉ်တန်ချိန်အမျိုးအစားပေါ်မူတည်ပြီး ကောက်ခံသွားမည်ဟု သိရသည်။

အိမ်စီးကား ၃ တန်အောက် ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်ငယ်တစ်စီး ၁၀၀၀ ကျပ်၊ ခရီးသည်တင် Minibus, BM, ဟီးနိုးနှင့် ဟွန်ဒိုင်းကို ၂၀၀၀ ကျပ်၊ ခြောက်ဘီး၊ ရှစ်ဘီး၊ ကုန်တင်ယာဉ်များကို ၄၀၀၀ ကျပ်ဟု သတ်မှတ်ထားပြီး၊ ယာဉ်များကြံ့ခိုင်မှုမရှိပါက ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

“ပရဟိတအသင်းတွေကိုတော့ ဘယ်ဂိတ်မှ ဂိတ်ကြေးမကောက်ပါဘူး။ ဖြတ်တော့သွားနေတာ။ ကောက်တာတော့ မရှိပါဘူး။” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က မြန်မာ-ကိုရီးယားချစ်ကြည်ရေး( ဒလ)တံတားဖွင့်လှစ်ပြီးနောက် လမ်းပန်ဆက်သွယ်ရေးများ အဆင်ပြေသွားလာနိုင်ကြောင်း သိရသည်။

“တံတားပြီးပြီဆိုတော့ ဒလကလူတွေအတွက် ပိုအဆင်ပြေတာပေါ့နော်။ တံ တားကနေသွားတဲ့သူတွေလည်းရှိသလို စက်လှေနဲ့ကူးတဲ့သူ။ ဇာက်နဲ့ကူးတဲ့သူတွေလည်းရှိသေးတယ်။ တံတားကနေသွားတာက ကိုယ်နေတဲ့နေရာနဲ့ဝေးရင် ပတ်သွားရတဲ့နေရာတွေတော့ရှိတယ်။ တန်းမရောက်တော့တဲ့နေရာတွေလည်းရှိတယ်။ ဘာပဲပြောပြော အခုဆို ရန်ကုန်ကနေ ဒလကိုသွားလာရတာ ပိုအဆင်ပြေသွားတာပေါ့။” ဟု ဒလမြို့ခံတစ်ဦးက ယနေေ့ခေတ်သို့ ပြောသည်။

အဆိုပါတံတားပေါ်တွင် လူဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားပြီး၊ ယာဉ်များဖြတ်သန်သွားလာခွင့်ပြုသည့်အချိန်မှာ နံနက် ၆ နာရီမှ ည ၈ နာရီအထိဖြစ်ကြောင်း သိရသည်။

မြန်မာ-ကိုရီယား ချစ်ကြည်ရေးဒလတံတားကို ဖေဖော်ဝါရီ ၆ ရက်၊ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါတံတားသည် တန်ချိန် ၁၅,၀၀၀ ခန့်ရှိသည့် သင်္ဘောကြီးများ မြစ်ကြောင်းအတိုင်း ဖြတ်သန်းသွားလာရန် အမြင့်ပေ ၁၆၀ ခန့် တည်ဆောက်ထားကြောင်း သိရသည်။

ရန်ကုန်-ဒလတံတားသည် သံမဏိကြိုးဆိုင်း လေးလမ်းသွားတံတားကြီးဖြစ်ပြီး၊ ပင်မတံတားအရှည် ၁၉၃၆ ပေ နှင့် တံတားအရှည် စုစုပေါင်း ၆၁၄၃ ပေ ရှိကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-သတင်းမှန်ပြန်ကြားရေး
#ယနေ့ခေတ်

ကိုရီယာ-မြန်မာချစ်ကြည်ရေး (ဒလ)တံတား ယာဉ်ဖြတ်သန်းခများကောက်ခံမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.