တဲလ်အဗစ်၊ ဩဂုတ် ၁၇
အစ္စရေးစစ်တပ်သည် ထိုးစစ်အသစ်ပြင်ဆင်နေခြင်းကြောင့် ဂါဇာစစ်ပွဲအဆုံးသတ်ရေးနှင့် ဟားမတ်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများကိုပြန်လွှတ်ပေးရန် သဘောတူညီချက်တစ်ရပ်ရယူရေး ဩဂုတ်လ ၁၇ ရက်က အစ္စရေးနိုင်ငံတဝှမ်းတွင် တောင်းဆိုဆန္ဒပြကြသည်။
ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့သည့် ၂၂ လကြာစစ်ပွဲအပြီးတွင် အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က ဂါဇာမြို့တော်ကိုသိမ်းပိုက်ရန်အစီအစဉ်ကို အတည်ပြုပြီး တစ်ပတ်ကျော်အကြာတွင် အဆိုပါဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဟားမတ်စ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက အစ္စရေးကိုတိုက်ခိုက်ခဲ့ပြီး ဓားစာခံ ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် အစ္စရေးက ဂါဇာဒေသတွင် ပြင်းထန်သည့်စစ်ပွဲကိုဆင်နွဲခဲ့သည်။ ယခုအခါ သုံ့ပန်း ၄၉ ဦး ကျန်ရှိနေပြီး ၂၇ ဦး သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

လက်ကျန်သုံ့ပန်းများ၏ပုံတူများဖြင့်ပုံဖော်ထားသည့် အစ္စရေးအလံကြီးကို စစ်ပွဲတစ်လျှောက် ဆန္ဒပြပွဲများအတွက် အဓိကအချက်အခြာအဖြစ် ကာလကြာရှည်စွာရှိခဲ့သည့် တဲလ်အဗစ်၏ ဓားစာခံရင်ပြင်တွင် လွှင့်တင်ခဲ့သည်။
ဆန္ဒပြသူများသည် တဲလ်အဗစ်နှင့် ဂျေရုဆလင်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးအပါအဝင် မြို့ တွင်းရှိ လမ်းအများအပြားကို ပိတ်ဆို့ထားပြီး ဆန္ဒပြသူများက တာယာများကိုမီးရှို့ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားစေခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဗီဒီယိုဖိုင်များအရ သိရသည်။
ဆန္ဒပြပွဲစီစဉ်သူများနှင့် ဓားစာခံမိသားစုများကိုကိုယ်စားပြုသည့် ပင်မလှုပ်ရှားမှုအဖွဲ့ကလည်း အစ္စရေးတွင် ရက်သတ္တပတ်၏ ပထမဆုံးနေ့ဖြစ်သည့် တနင်္ဂနွေနေ့တွင် အထွေ ထွေသပိတ်ကို တောင်းဆိုခဲ့သည်။
“ စစ်ပွဲကိုအဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဓားစာခံတွေအားလုံးကိုလွှတ်ပေးဖို့ အချိန်ရောက်ပါပြီ။ အစ္စရေးကို ပြန်လည်ထူထောင်ပြီး ပိုမိုတည်ငြိမ်တဲ့ အရှေ့အလယ်ပိုင်းကို အရောက်လှမ်းနိုင်ဖို့ ကူညီရမယ့်အချိန်ပါပဲ” ဟု ဂျေရုဆလင် ဆန္ဒပြပွဲတစ်ခုတွင် အသက် ၅၄ နှစ်အရွယ် ဧည့်လမ်းညွှန် ဒိုရွန်ဝယ်လ်ဖန်က ပြောကြားသည်။
ဓားစာခံများနှင့် ပျောက်ဆုံးနေသောမိသားစုများကို ကိုယ်စားပြုသည့် စည်းရုံးလှုပ်ရှားရေးအဖွဲ့နှင့် ဆန္ဒပြသူများသည် “ဓားစာခံ ၅၀ ဦးကို ပြန်လည်ခေါ်ဆောင်ကာ စစ်ပွဲကိုအ ဆုံးသတ်ပါ” ဟု ရှင်းလင်းပြတ်သားစွာ တောင်းဆိုပြီး ဩဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံကိုပိတ်ပစ်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
Credit: CNA
#ယနေ့ခေတ်
ဂါဇာစစ်ပွဲအဆုံးသတ်ရေးနှင့် ဓားစာခံများပြန်လွတ်ရေးအတွက် အစ္စရေးနိုင်ငံတစ်ဝှမ်း တောင်းဆိုဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်