ဂါဇာ၊ ဇူလိုင် ၃၁
အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်သည် အစ္စရေးနိုင်ငံသို့ရောက်ရှိလာစဉ် ဗုဒ္ဓဟူးနေ့က ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အစားအစာစောင့်ဆိုင်းနေသည့် ပါလက်စတိုင်း ၅၀ ကျော်သေဆုံးကာ ၄၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာမှဆေးရုံတစ်ရုံက ပြောကြားသည်။
ဂါဇာစီးတီးရှိ Zikim အနီးတွင် al-Shifa ဆေးရုံသို့ တွန်းလှည်းဖြင့်လမ်းဖြတ်ကူးစဉ် ဖြစ်ပွားခဲ့သည့် သေဆုံးမှုများကို ဗီဒီယိုဖိုင်တစ်ခုတွင် ပြသထားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ၏ အကူအညီပေးရေးကားများအနီး စုဝေးနေသောလူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ကြီးမှူးသည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အစ္စရေးစစ်တပ်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာကို သတိမပြုမိကြောင်း ပြောကြားသည်။

ဝစ်ကော့ဖ်သည် ပြီးခဲ့သည့်သီတင်းပတ်က အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေးသဘောတူညီချက် ဆွေးနွေးပွဲများ ရပ်ဆိုင်းပြီးနောက် ဟားမတ်စ်အား ဒဏ်ခတ်အရေးယူရန် စဉ်းစားနေသော အစ္စရေးအရာရှိများနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။
ပါလက်စတိုင်းပိုင်နက်အတွင်း ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ် နိုင်ငံတကာမှ ဒေါသထွက်မှုများ ကြီးထွားလာနေချိန်တွင် အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာကမ်းမြှောင်ဖောင်ဒေးရှင်း(GHF)တို့က စီစဉ်နေသည့် ထောက်ပံ့ရေး၊ ဖြန့်ဖြူးရေးနေရာများသို့လည်း ဝစ်ကော့ဖ်က သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဗုဒ္ဓဟူးနေ့က နောက်ထပ် အာဟာရချို့တဲ့မှုနှင့်ဆက်နွှယ်သော သေဆုံးသူခုနစ်ဦးကို ထုတ်ပြန်ခဲ့ပြီး၊ စစ်ပွဲစတင်ချိန်မှစ၍ အာဟာရချို့တဲ့မှုကြောင့်သေ ဆုံးသူစုစုပေါင်း ၁၅၄ ဦးအထိရှိလာခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ကြီးမှူးသည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် လူသားများကြောင့်ဖြစ်ပွားသည့် အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုများရှိနေကြောင်း ကုလသမဂ္ဂ အေဂျင်စီများက ပြောကြားပြီး၊ ဂါဇာကမ်းမြောင်ဆီ ထောက်ပံ့ရေးပစ္စည်းအားလုံးကို ထိန်းချုပ်ထားသည့်အစ္စရေးကို အပြစ်တင်ခဲ့သည်။ သို့သော် အကူအညီများပို့ဆောင်ခြင်းအပေါ် ကန့်သတ်ချက်များမရှိကြောင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်များမရှိကြောင်း အစ္စရေးက အခိုင်အမာပြောကြားသည်။
Credit: BBC
#ယနေ့ခေတ်
ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒါဇင်နှင့်ချီ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်