ဂျပန်တွင် ရေခဲမုန့်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ကြံစည်သည့် လုပ်ငန်းရှင်များကို ဖိအားပေး

တိုကျို၊ ဇွန် ၁၇

နွေရာသီကာလသည် ရေခဲမုန့်ထုတ်လုပ်သူများအတွက် ရောင်းအားတက်မည့်အချိန်ဖြစ်ရာ ရေခဲမုန့်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ပူးပေါင်းကြံစည်သည်ဟု သံသယရှိသည့် အဓိကကုမ္ပဏီခြောက်ခုကို ဂျပန်အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့သည်။

နိုင်ငံ၏ ရေခဲမုန့်ထုတ်လုပ်သည့် အကြီးဆုံးကုမ္ပဏီများထဲမှ ခြောက်ခုသည် ဈေးနှုန်းများမြှင့်တင်ရန် ပူးပေါင်းကြံစည်သည်ဟု သံသယဖြစ်ခံရကြောင်း သတင်းရင်းမြစ်တစ်ခုက ဇွန် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် AFP ကို ပြောသည်။

ကုမ္ပဏီအရာရှိများသည် ဈေးနှုန်းများမြှင့်တင်ရေး အချိန်နှင့် အရွယ်အစားကိုညှိနှိုင်းရန် အပြန်အလှန်အီးမေးလ်ပို့ခြင်း သို့မဟုတ် တွေ့ဆုံခြင်းများကို နှစ်ပေါင်းများစွာပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောကြားသည်။

ဂျပန်နိုင်ငံ တရားမျှတမှုကုန်သွယ်ရေးကော်မရှင် (JFTC) မှ အရာရှိများသည် Meiji၊ Morinaga Milk Industry, Lotte, Ezaki Glico, Morinaga & Co နှင့် Akagi Nyugyo တို့၏ ရုံးချုပ်များကို အင်္ဂါနေ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ကုမ္ပဏီအရာရှိများနှင့် သတင်းရင်းမြစ်များက ပြောသည်။

၂၀၂၂ ခုနှစ်ဝန်းကျင်ကတည်းက ရေခဲမုန့်ကုမ္ပဏီများသည် လက်လီဈေးနှုန်းများကို နှစ်စဉ် တစ်ပြိုင်တည်းမြှင့်တင်ခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။

ကျိုဒိုသတင်းဌာန၏အဆိုအရ ကုမ္ပဏီများသည် ကုန်ကြမ်းပစ္စည်းအပါအဝင် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ပုံမှန်ထက်ကျော်လွန်၍ ဈေးနှုန်းများမြှင့်တင်ရန် ငွေကြေးဖောင်းပွမှုကို အခွင့်ကောင်းယူခဲ့ခြင်း ရှိ၊ မရှိကိုလည်း JFTC မှ စုံစမ်းစစ်ဆေးနေသည်။

ကုမ္ပဏီငါးခုသည် အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ၎င်းတို့၏ရုံးများကို JFTC မှ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် “စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်မည်” ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

Akagi Nyugo မှ Natsuyo Suzuki ကလည်း “ကွင်းဆင်းစစ်ဆေးမှု” အပြီးတွင် ကုမ္ပဏီသည် စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု AFP သို့ အတည်ပြုခဲ့သည်။

JFTC က ပူးပေါင်လုပ်ဆောင်မှုတစ်ခုရှိကြောင်း ကောက်ချက်ချပါက လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့သည် ကုမ္ပဏီများအား စီးပွားရေးလုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်မည်ဖြစ်သည်။

မတ်လတွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် ဂျပန်ရေခဲမုန့်ရောင်းချမှုသည် ယန်း ၆၆၀ ဘီလီယံကျော်ဖြင့် စံချိန်တင်မြင့်မားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မှတ်တမ်းတင်လောက်သည့် အပူ ဆုံးနွေရာသီကို ဖြတ်သန်းခဲ့ရသည်။

Ref: channelnewsasia.com
ယနေ့ခေတ်

ဂျပန်တွင် ရေခဲမုန့်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ကြံစည်သည့် လုပ်ငန်းရှင်များကို ဖိအားပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.