တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအကျပ်အတည်းများရှိနေ ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂

၂၀၂၃ ခုနှစ်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် ယခုအခါ စားဝတ်နေရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နစကတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ ပူးပေါင်းတပ်များအကြား တကျော့ပြန်စစ်ပွဲများကြောင့် နေရပ်မပြန်နိုင်ကြသေးသည့် စစ်ဘေးရှောင်များမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေကြကြောင်း သိရသည်။

“ကျွန်မတို့ ဗန်းမော်ကစစ်ရှောင်လာတာ တစ်လပိုင်းကတည်းကဆိုတော့ ငါးလကျော်လာပြီပေါ့။ အခုလောလောဆယ် မန္တလေးက အမအိမ်မှာနေတယ်။ အမကတင်ကျွေးထားတာ။ ကလေးတွေလည်းရှိတယ်။ ကိုယ့်မြို့၊ ကိုယ့်နယ်မှာက ဈေးရောင်းတာဆိုတော့ အဆင်ပြေသေးတယ်။ အခုဒီမှာက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ဗန်းမော်ကအိမ်က လည်း ပျက်စီးသွားတယ်။ ဘောလုံးကွင်းနားကဆို အိမ်ခြေ ၅၀ လောက်ပျက်စီးသွားတာ။ ကိုယ့်အိမ်ကိုပဲပြန်ချင်တယ်။” ဟု ဗန်းမော်မှစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ငပလီကမ်းခြေသို့ စစ်ဘေးရှောင်လာသူ ၃၀၀၀ နီးပါးမှာ မြေမြှုပ်မိုင်းအန္တ ရာယ်များကြောင့် နေရပ်မပြန်နိုင်သေးရာ စားနပ်ရိက္ခာနှင့် ဆေး ဝါးများလိုအပ်နေကြောင်း သိရသည်။

“နေရပ်ပြန်လို့မရသေးတာပါ။ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လူဦးရေ ၃၀၀၀ ကျော်တယ်။ သံတွဲမြို့နယ်အတွင်းက ရွာတွေဘက်မှာပါ။ လိုအပ်တာက ဆန်နဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေလိုအပ်နေတာပါ။” ဟု ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုတွင်လည်း စစ်ဘေးရှောင်များ အလုပ်အကိုင်အခက်အခဲများနှင့် ရင်ဆိုင်နေကြရ‌ကြောင်း သိရသည်။

“စစ်ဘေးရှောင်လာကြတာတော့ရှိတယ်ဗျ။ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွတ်ခိုင်မြို့တွေဘက်က လာကြတာ။ နယ်စပ်အပေါက်ကလည်း ပိတ်ထားတော့ ကြုံရာအလုပ်နဲ့ စားသောက်နေကြရတာပေါ့။ ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် နန့်ယားကျေးရွာကြားတွင် နစကတပ်နှင့် KIA ပူး ပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင် ၅၀၀၀ နီးပါး စားနပ်ရိက္ခာပြတ်တောက်ပြီး ဆေးဝါးများလည်းလိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း မကြာခဏဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၅ သန်းခန့်ရှိကြောင်း OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတဝန်း လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၉ ဒဿမ ၉ သန်းရှိပြီး အဆိုပါအရေအတွက်မှာ စံချိန်တင်အရေအတွက်ဖြစ်ပြီး၊ နောက်ထပ်လူဦးရေ ၂ သန်းသည်လည်း အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- CJ

ပုံစာ – ဗန်းမော်မြို့မှစစ်ရှောင်များနှင့် ဂွမြို့နယ်မှ စစ်ဘေးရှောင်များ (ပုံဟောင်းဖြစ်ပါသည်)

#ယနေ့ခေတ်

တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအကျပ်အတည်းများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.