တောင်ငူတွင်မိုးများပြီး ဒိုးသောင်တံတား အနည်းငယ်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒိုးသောင်တံတား အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း တောင်ငူအခြေစိုက် Save The Trees Rescue Team မှ သိရသည်။

ဇူလိုင် ၂၇ ရက်မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ယနေ့တွင် မြတ်စောညီနောင်ဘုရားဘက်သွားသည့် ရွှေစျေးလမ်းပေါ်ရှိ ဒိုးသောင်တံတား အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကျိုးသွားတာတော့ မဟုတ်ဘူး။ မိုးတွေကဆက်တိုက်ရွာတော့ မြေသားနှင့် ကားလမ်းပိုင်းတချို့ နိမ့်ဝင်သွားတာ။ ပြန်ပြင်ဆောက်ရမှာပေါ့။ အန္တရာယ်ရှိတယ်။ ရေကျသွားရင်တော့ ပြန်ဆောက်ရမှာ။ အခုကတော့ရေတွေရှိသေးတယ်။ ကားကြီးတွေတော့ သွားလို့မရသေးဘူး” ဟု တောင်ငူအခြေစိုက် Save The Trees Rescue Team က ပြောသည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

လက်ရှိတွင်လည်း တောင်ငူမြို့ထဲရှိ မြေအနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာတချို့ရေနစ်မြုပ်လျက်ရှိပြီး၊ စာသင်ကျောင်းအချို့လည်းပိတ်ထားရကြောင်း သိရသည်။

ရေကြီးလာမှုကြောင့် အရေးပေါ်ရေဘေးကူညီကယ်ဆယ်ရေးများ ဆက်တိုက်လုပ်ပေးနေရသလို ရေဘေးကြောင့် သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – ဒေသခံ

ယနေ့ခေတ်

တောင်ငူတွင်မိုးများပြီး ဒိုးသောင်တံတား အနည်းငယ်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.