နာမည်ကြီးဆေးရုံတစ်ခု၏ အမှားကြောင့် မျက်လုံးကွယ်ခဲ့ရသည့်မိန်းကလေး အလှူရှင်လိုအပ်နေ

ရန်ကုန်၊ ဩဂုတ် ၅

နာမည်ကြီးဆေးရုံတစ်ခုမှ အရေပြားအထူးကုဆရာဝန်၏ ဆေးမှားပေးမှုကြောင့် အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးသည် မျက်လုံးကွယ်ခဲ့ရပြီး မျက်လုံးကိုခွဲစိတ်ကုသရန်အ တွက် အလှူရှင်လိုအပ်နေကြောင်း မိခင်ဖြစ်သူ၏ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ရန်ကုန်မြို့တွင် လာရောက်ဆေးကုသမှုခံယူနေသည့် မိန်းကလေးသည် အရေပြားလေးဘက်နာရောဂါကို ခံစားနေရပြီး အဆိုပါမိန်းကလေး၏ မျက်လုံးကို အိန္ဒိယနိုင်ငံတွင် သွားရောက်ခွဲစိတ်ကုသမှသာ ပြန်ကောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ကလေးကပထမနှစ်တတ်နေတာပေါ့။ နေမကောင်းတော့ ကျောင်းပိတ်ရင် ရန်ကုန်မှာသွားပြမယ်ဆိုပြီး လုပ်ထားတာ။ အဲဒါနဲ့ SSC ဆေးရုံကိုလာပြတာ။ အရေပြားလေးဘက်နာပေါ့။ ဆေးကို နှစ်လစာပေးလိုက်တယ်။ ဆယ်ရက်ကျော်လောက်ပဲသောက်ရသေးတယ် ကလေးက အခြေအနေပိုဆိုးသွားတယ်။ အဲဒါနဲ့ သံတွဲဆေးရုံကိုတင်တော့ မူလပြခဲ့တဲ့ဆရာဝန်ကိုပဲသွားရှာပါ။ သူပဲရောဂါအကြောင်းသိမှာ။ သူပဲကုတတ်မှာပေါ့ဆိုပြီး ပြောတယ်။ SSC ဆေးရုံကိုသွားပြန်ပြတော့ အဲဒီဆရာဝန်က နိုင်ငံခြားထွက်သွားပြီဆိုပြီးပြောတယ်။ အဲဒီမှာလည်း ဆယ်ရက်လောက်ထပ်တက်ရတယ်။ ပြီးတော့ မတတ်နိုင်တော့လို့ ရန်ကုန်ဆေးရုံကြီးကိုရွှေ့ရတယ်။ အဲဒီမှာကုတာ သက်သာလာတယ်။ မျက်လုံးကတော့မမြင်ရဘူးပေါ့။ ဝါးတားတားပဲမြင်ရတော့တာပေါ့” ဟု မိန်းကလေး၏မိခင်က ပြောသည်။

အဆိုပါ မိန်းကလေး၏မျက်လုံးကို ရန်ကုန်မြို့သို့ရောက်ရှိနေသည့် အိန္ဒိယကဆရာဝန်များနှင့်ပြသပြီး ဇီဝိတဒါနမျက်စိဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သို့ရာတွင် အရှင်းပျောက်ကင်းရန်အတွက်မူ အိန္ဒိယနိုင်ငံတွင်ကုသမှသာ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယတွင်သွားရောက်ကုသမည်ဆိုပါက မြန်မာငွေကျပ်သိန်း ၆၀၀ ကုန်ကျမည်ဖြစ်ပြီး မိသားစုဝင်များအနေဖြင့် မတတ်နိုင်သည့်အတွက် စေတနာရှင်များက အလှူငွေများလှူဒါန်းနိုင်ကြောင်းလည်း မိခင်ဖြစ်သူက မေတ္တာရပ်ခံထားသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ ယနေ့ခေတ်အနေဖြင့် သက်ဆိုင်ရာဆေးရုံများထံမှ သီးခြားအတည်ပြုချက်များ မရရှိသေးပါ။

#စုစု

ဓာတ်ပုံ‌ – ယနေ့ခေတ်

#ယနေ့ခေတ်

နာမည်ကြီးဆေးရုံတစ်ခု၏ အမှားကြောင့် မျက်လုံးကွယ်ခဲ့ရသည့်မိန်းကလေး အလှူရှင်လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.