နိုင်ငံခြားဆေးများ ပစ္စည်းပြတ်ပြီး စျေးနှုန်းများဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရောင်းသူနှင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံခြားမှတင်သွင်းသည့် နာတာရှည်လူနာများ သုံးစွဲနေရသည့် ဆေးဝါးများနှင့် အိမ်သုံးဆေးများ ပစ္စည်းပြတ်ပြီး စျေးနှုန်းများဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရောင်းချသူနှင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

နိုင်ငံခြားမှတင်သွင်းသည့် ဆေးများရောင်းချရာတွင် တရားဝင်တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် တရားမဝင် အောက်လမ်းမှ ဝင်ရောက်လာသည့် ဆေးများကိုသာ ဝယ်ယူရောင်းချနေရပြီး၊ အဆိုပါဆေးများသည် တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများဖြစ်ရန် ဂရုစိုက်ရောင်းချနေရကြောင်း သိရသည်။

“အခုဆေးတော်တော်များများက အောက်လမ်းကနေဝင်တာများတယ်။ ပုံမှန်သောက်နေကြတဲ့ ဆီးချိုဆေး၊ သွေးတိုးဆေးတောင်မှ နောက်ပိုင်း Original (မူရင်း) တွေမဝင်ဘူး။ အောက်လမ်းကတော့အများကြီးဝင်တယ်။ Original တွေကစျေးကြီးတယ်။ ပစ္စည်းလည်းပြတ်နေတယ်။ အောက်လမ်းတွေကျတော့ စျေးချိုတယ်။ မှတ်ပုံမတင်ထားတဲ့ဆေးတွေလည်းရှိတယ်။ အဲ့ဆေးတွေဆို ယူမရောင်းဘူး။ အလားတူ ယူတဲ့သူကျတော့လည်း အလားတူကိုရောင်းရတာပေါ့နော်။ မယူတဲ့သူကျတော့ မရောင်းရဘူးပေါ့နော်။ မရောင်းရတဲ့ အခက်အခဲတော့ရှိတယ်။ တစ်ချို့ဆေးတွေဆို ပြတ်နေတာလည်းရှိတယ်။” ဟု ရန်ကုန်မြို့တွင် ဆေးရောင်းသူအမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နာတာရှည်ရောဂါများဖြစ်သည့် အဆုပ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှင်များ နေ့စဉ်သောက်သုံးနေရသည့် ဆေးဝါးများမှာလည်း စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေပြီး၊ စျေးနှုန်းများဆက်တိုက်မြင့်တက်နေခြင်းကြောင့် ဝေဒရှင်များမှာ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

“Ventolin ရှုဆေးကဗူးက ရတဲ့ဆိုင်လည်းရတယ်။ ပစ္စည်းပြတ်တဲ့ဆိုင်ကများတယ်။ ယူမယ်ဆို ကြိုမှာထားရတာလည်းရှိတယ်။ စျေးကတော့ တစ်ခါဝယ်ပြီး နောက်တစ်ခါဝယ်ရင် စျေးကမတူတော့ဘူး။ ပထမလက တစ်ဗူး ၂၃,၀၀၀ ကျပ်ဆိုရင် နောက်လကျရင် ၂,၉၅၀၀ ဖြစ်နေပြီ။ ပစ္စည်းကလည်းရှား စျေးကလည်းတက်လာတယ်။ ရှုဆေးက လက်သစ်တွေရှိပေမဲ့ အိန္ဒိယကထုတ်တာတဲ့ဗူးအပြာ လက်ဟောင်းကပိုအဆင်ပြေတယ်။ မရှိလို့မဖြစ်တော့ မဖြစ်မနေဝယ်နေရတာပါပဲ” ဟု အဆုပ်ရောဂါဝေဒနာရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း အိမ်သုံးဆေးများဖြစ်သည့် Biogesic, Paracetamol, Air-X, Neurobian, Bioflor စသည့် ဆေးဝါးများ စျေးနှုန်းများအဆမတန် မြင့်တက်လာခြင်းကြောင့် ဝယ်ယူရောင်းချသူအချို့မှာလည်း အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“အခုဆို ပိုဆိုးတာ။ အခုရက်ပိုင်းအတွင်းကို စျေးတွေက မတရားတက်တာ။ အရင်တုန်းကဆို Air-X တစ်ကတ်ကို ၁၀၀၀။ အခုဆိုရင် ၃၂၀၀၊ Biogesic ဆိုရင် ၃၀၀၀ ဖြစ်နေပြီ။ အ ရင်က ၅၀၀၊ ၆၀၀ ပဲရှိတယ်။ Neurobian ဆို ရှေ့တစ်ပတ်ကမှရောင်းလိုက်တာ ၁၅၀၀ နဲ့ အခုဝယ်စျေးတစ်ကတ်ကို ၁၈၀၀ ဖြစ်နေပြီ။ ဆေးတွေက ဒီတစ်ပတ်ကို ဆယ်သိန်းဖိုးဝယ်လိုက်ရင် နောက်အပတ်ဆို ဆယ်ငါးသိန်းလောက်နဲ့ဝယ်ရတယ်။ အခုဆိုရင် ဆေးတွေက Original တွေပဲမေးကြတယ်။ အလားတူကျပြန်တော့လည်း မဝယ်ကြဘူး။ အဲ့တော့ ရှိတာလေးကိုပဲ မှိန်းရောင်းနေရတယ်။ ပြန်လည်းမဝယ်နိုင်ဘူး။” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဆေးဆိုင်တစ်ခုမှ တာဝန်ရှိသူက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ နေ့မှစ၍ ထိုင်းနိုင်ငံမှ ဆေးဝါးနှင့် လူသုံးကုန်များအပါအဝင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၀ ကျော်တင်သွင်းမှုကို မြန်မာအစိုးရဘက်မှ ယနေ့အချိန်အထိပိတ်ထားကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- ချစ်ချစ်ခိုင်

#ယနေ့ခေတ်

နိုင်ငံခြားဆေးများ ပစ္စည်းပြတ်ပြီး စျေးနှုန်းများဆက်တိုက်မြင့်တက်လာခြင်းကြောင့် ရောင်းသူနှင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.