ပုဏ္ဏားကျွန်းမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦးသေဆုံး၊ ၂၀ နီးပါးဒဏ်ရာရ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး၊ ၂၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီခန့်က ပုဏ္ဏားကျွန်းမြို့၊ ယိုးငူကျေးရွာစျေးတန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကလေးငယ်အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး၊ ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယိုးငူကျေးရွာကစျေးတန်းကို လေကြောင်းကနေလာတာ။ စျေးရောင်းစျေးဝယ်တွေလည်းရှိနေတဲ့အချိန်။ တော်တော်ထိခိုက်သေဆုံးတာတွေများတယ်။ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ကလေးတွေလည်းပါတယ်။ သေဆုံးတဲ့ထဲမှာ ၁၇ ယောက်လောက်သေတယ်ပြောတယ်။ ဒဏ်ရာရတာ ၂၀ နီးပါးလောက်တော့ရှိမယ်။ တစ်ချို့ဆို ဒဏ်ရာတွေက အ တော်ပြင်းတယ်။ ပွဲချင်းပြီးဆုံးတာတွေလည်းရှိတယ်။ နေအိမ်တွေလည်း မီးလောင်ကုန်တယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့၊ ယိုးငူကျေးရွာစျေးတန်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိသူများမှာ ဆေးကုသမှုခံယူနေပြီး၊ အချို့မှာ ခြေ၊ လက်ဆုံးရှုံးသူများလည်းရှိကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် စျေးဆိုင်ခန်းများ ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီကျော်ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်နှင့် မြောက်ဦးမြို့အတွင်း စစ်ဘေးရှောင်များနေထိုင်သည့် အလယ်စျေးရပ်ကွက်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁ နာရီကျော်ကလည်း ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်သို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီကျော်ကလည်း၊ မြောက်ဦးမြို့နယ်ဆေးရုံရှိ သားဖွားမီးရပ်အဆောင်ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး၊ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် နလအတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များလည်းရှိနေသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးသူဦးရေ ၉၀၀ ကျော် ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူဦးရေ ၂၀၀၀ နီးပါးအထိရှိလာခဲ့ကာ၊ နေအိမ်၊ စားသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအပါအဝင် အဆောက်အဦး ၁၀,၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသတင်းများအရ သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဘုန်းသန့်
#ယနေ့ခေတ်

ပုဏ္ဏားကျွန်းမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦးသေဆုံး၊ ၂၀ နီးပါးဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.