ရန်ကုန်၊ ဇူလိုင် ၃၀
ပဲခူးတိုင်း၊ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာမှ ၈၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့တွင် မြစ်ရေများဝင်းရောက်နေကြောင်း သိရသည်။
ဇူလိုင် ၃၀ ရက်၊ နေ့လည် ၁၂ နာရီ၊ မိနစ် ၃၀ တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာမှ ၈၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး၊ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေခြင်းကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေများဝင်ရောက်နေပြီးဖြစ်ကြောင်း သိရသည်။

“မြစ်ရေက ဒီမနက်မှ ပိုတက်လာတာ။ မနက်ကအထိ ၈၈၀ နဲ့ ၈၇၉ ပဲရှိသေးတယ်။ မြေနိမ့်ပိုင်းမှာရှိတဲ့နေအိမ်တွေ လမ်းတွေကတော့ မနေ့ကထဲက ရေဝင်တာတွေရှိတယ်။ ဒီနေ့တော့ ရပ်ကွက်တော်တော်များများဖြစ်နေပြီ။ နေအိမ်တွေထဲတွေလည်းရေဝင်တယ်။ ထပ်ပြီးတက်လာဖို့ရှိတယ်ဆိုတော့ မြေနိမ့်ပိုင်းတွေမှာ ပြောင်းရွှေ့ဖို့တွေနဲ့ စိုးရိမ်ရတဲ့အခြေနေတော့ရှိမှာ။ မိုးကလည်း အဆက်မပြတ်ကိုရွာနေတာ။” ဟု ပဲခူးမြို့ခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။
အလာတူ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၁၆၀ စင်တီမီတာမှ ၁၁၆၂ စင်တီမီတာသို့ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ၃ လက်မခန့်သို့ မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ဟု မိုး/ဇလမှ ယနေ့ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
ယနေ့ခေတ်
ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိနေဟု မိုး/ဇလမှ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်