စထရာ့စ်ဘာ့ဂ်၊ ဖေဖော်ဝါရီ ၁၃
ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ အိမ်တစ်အိမ်၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိပြီးနောက် မိခင်ကိုတရားစွဲဆိုပြီး ချုပ်နှောင်ထားကြောင်း အစိုးရရှေ့နေတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့တွင် AFP သို့ ပြောကြားသည်။
ယင်းအမှုသည် မကြာသေးမီနှစ်များအတွင်း ပြင်သစ်နိုင်ငံတွင် ပေါ်ပေါက်လာသည့် ကလေးငယ်လုပ်ကြံမှုဆိုင်ရာ နောက်ဆုံးသံသယဖြစ်ဖွယ်အမှုဖြစ်သည်။
အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးသည် ပါရီမြို့အနောက်ပိုင်း ဘူလွန်-ဘီလန်ကုတ်ဆင်ခြေဖုံးတွင် ဖမ်းဆီးခံရပြီး သူမ၏မွေးကင်းစကလေးငယ်များကို ရေခဲသေတ္တာထဲတွင် အေးခဲထားကြောင်းဝန်ခံပြီးနောက် တစ်ရက်အကြာ ကြာသပတေးနေ့နှောင်းပိုင်းတွင် တရားစွဲဆိုခံခဲ့ရကြောင်း အစိုးရရှေ့နေ စီဒရစ် လိုဂျလင်က AFP သို့ ပြောကြားသည်။
အခြားမည်သူ့ကိုမျှ တရားစွဲဆိုခြင်းမရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဖခင်သုံးဦးမှ ကလေးကိုးဦးရှိသော အမျိုးသမီးသည် ဒီဇင်ဘာလတွင် အရှေ့ပိုင်း Aillevillers-et-Lyaumont မြို့ရှိ မိသားစုအိမ်မှ ရုတ်တရက်ထွက်ခွာသွားပြီးနောက် ယခုကဲ့သို့ ထိတ်လန့်ဖွယ်တွေ့ရှိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သူမသည် အသက် ၁၄ နှစ်မှ ၂၀ နှစ်ကြား ကလေးလေးဦး၊ အခြားအိမ်ထောင်နှင့်ရသည့် ငါးယောက်မြောက် ကလေးတစ်ဦးကို အိမ်တွင်ထားရစ်ခဲ့သည်။
အင်္ဂါနေ့တွင် မိသားစုဝင်တစ်ဦးသည် ရေခဲသေတ္တာထဲတွင် မွေးကင်းစကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။
မိသားစုက သတိပေးချက်ထုတ်ပြန်ပြီးနောက် ရဲများသည် ရေခဲသေတ္တာထဲတွင် အိတ်တစ်လုံးဖြင့်ထုပ်ပိုးထားသော ဒုတိယမြောက်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့သည် အိမ်မှထွက်ခွာသွားသောမိခင်ကို သံသယရှိခဲ့သည်။
အမျိုးသမီးသည် သူမရရှိခဲ့သည့် ကိုယ်ဝန်အဆက်ဆက်ကို မိသားစုနှင့် သူငယ်ချင်းများမသိနိုင်စေရန် အဝတ်အစားများဖြင့် ဖုံးကွယ်ဝတ်ဆင်ခဲ့သည်ဟု တရားလိုရှေ့နေက ရှင်းပြသည်။
သံသယရှိသူသည် ကလေးမွေးဖွားသည့်အချိန်ကို အတိအကျ မပြောနိုင်သော်လည်း ကလေးများသည် ၂၀၁၁ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း မွေးဖွားခဲ့ကြောင်း ပြောကြားသည်။
“ စစ်ဆေးမေးမြန်းနေစဉ်အတွင်း သူမသည် မကြာခဏငိုကြွေးခဲ့ပြီး သူမ၏ကလေးများနှင့် သူမ၏မိသားစုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်” ဟု တရားလိုရှေ့နေက ပြောကြားသည်။
ကလေးငယ်များသေဆုံးရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် သောကြာနေ့တွင် ရင်ခွဲစစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။
Ref: channelnewsasia.com
#ယနေ့ခေတ်
ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ အိမ်တစ်အိမ်၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ခြင်းကြောင့် မိခင်ကိုတရားစွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်