ကျောက်တော်နှင့် မြောက်ဦးမြို့များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရရှိ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီကျော်က ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်နှင့် မြောက်ဦးမြို့အတွင်း စစ်ဘေးရှောင်များနေထိုင်သည့် အလယ်စျေးရပ်ကွက်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ၁၀ ဦးကျော်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“အခုလဲ လေကြောင်းကနေဗုံကျဲတာ။ တော်တော်များများသေတယ်။ ဒဏ်ရာရတွေလည်းများတယ်။ ဒဏ်ရာရတဲ့သူက ၁၀ ယောက်လောက်ကျော်မယ်။ မြောက်ဦးမှာ စစ်ရှောင်တဲ့နေရာကို ဗုံးကျတော့ စစ်ရှောင်သူတွေကိုလည်း ထိသွားတယ်။ နေအိမ်တွေလည်း အတော်တော်ပျက်စီးသွားတယ်။” ဟု မြောက်ဦးမြို့အနီး နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျောက်တော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ထိန်လန့်ကာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

“ညကအသံကြီးအကျယ်ကြီးပဲ ကြားရတာ။ လေယာဉ်သံကြီးအရင်ကြားရပြီး အုန်းဆိုတဲ့အသံကြီးကြားတာ။ အိမ်နဲ့ဆို ဘယ်လောက်မှမဝေးဘူး။ နားတွေအူပြီး ထွက်ပြေးတာ ဖိနပ်တောင်မပါဘူး။” ဟု ကျောက်တော်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁ နာရီကျော်ကလည်း ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်သို့ လေကြောင်းတိုက် ခိုက်ခံရမှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီကျော်ကလည်း၊ မြောက်ဦးမြို့နယ်ဆေးရုံရှိ သားဖွားမီးရပ်အဆောင်ပေါ်သို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး၊ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျော်တော်၊ အမ်း၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ စသည့်နေရာများတွင် နစကတပ်နှင့် AA တို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးသူဦးရေ ၉၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူဦးရေ ၂၀၀၀ နီးပါးအထိရှိလာခဲ့ကာ၊ နေအိမ်၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအပါအဝင် ၁၀,၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ
#ယနေ့ခေတ်

ကျောက်တော်နှင့် မြောက်ဦးမြို့များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.