ရန်ကုန်၊ ဇွန် ၂၉
ပြင်းထန်နေဆဲ လက်နက်ကိုင်ပဋိပက္ခ၊ မုတ်သုံရာသီ ရေကြီးရေလျှံခြင်းနှင့် မတ်လ ၂၈ ရက် ပြင်းထန်သည့်ငလျင်ဒဏ်၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် နိုင်ငံတစ်ဝန်း တွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့်ရှိကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ များသထက်များလာပြီး ရှိရင်းစွဲအားနည်းချက်များကို ပိုမိုဆိုးရွားလာစေကြောင်း၊ နစကတပ်နှင့် အခြားလက်နက် ကိုင်အဖွဲ့များကြား ဖြစ်ပွားနေဆဲတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အရပ်သားကာကွယ်စောင့်ရှောက်ပေးရမည့်အခြေအနေများ ပိုမိုမြင့်တက်လာလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မေလနှောင်းပိုင်းမှစ၍ ပြင်းထန်လာသောတိုက်ပွဲများကြောင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို မုတ်သုံရာသီ ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားလျက်ရှိပြီး ကချင်၊ ရခိုင်နှင့် ရှမ်း ပြည်နယ်တောင်ပိုင်းတို့တွင် လူဦးရေအနည်းဆုံး ၃၅,၅၀၀ ခန့်ကို ထိခိုက်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ။ အပေါ်မှာဆိုရင် ရဟတ်ယာဉ်က တောက်လျှောက်ဝဲနေတာ။ မနေရဲဘူးလေ။ အဲဒီတော့ တစ်ပိုင်တစ်နိုင်လေးပဲသယ်ပြီး ထွက်လာရတယ်။ အိမ်ကိုစွန့်ခွာခဲ့တာ ခုဆိုတစ်နှစ်ပြည့်တော့မယ်။ အိမ်ရှိရဲ့သားနဲ့ မနေရဘူး။ စစ်ရှောင်ရတဲ့ဘဝက မလွယ်ကူဘူး” ဟု စစ်ကိုင်းမှစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများသည် အကူအညီပေးရန် လျာထားသောလူဦးရေ၏ ၂၇ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၁ ဒဿမ ၅ သန်းအား အရေးကြီးသောအကူအညီများပေးခဲ့ကြောင်း UNOCHA Myanmar က ဆိုသည်။
လက်ရှိအချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်သောရန်ပုံငွေ ၏ ၁၂ ရာခိုင်နှုန်းသာရရှိထားပြီး ငလျင်အတွက် နောက်ဆက်တွဲရန်ပုံငွေတောင်းခံလွှာအတွက် ၃၆ ဒသမ ၅ ရာခိုင်နှုန်းသာရရှိထားကြောင်း၊ ထို့ကြောင့် လူမှုဘ၀ရှင်သန်ရေးအကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရန်နှင့် အထိခိုက် ဆုံးပြည်သူလူထုထံ အကူအညီများရောက်ရှိနိုင်ရန်အတွက် ကတိပြုထားသော ထပ်တိုးရန်ပုံငွေများ အချိန်မီချထားပေးရန် အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
ပြည်တွင်းနေရပ်စွန့်ခွာသူ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်