ရန်ကုန်၊ ဇွန် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခန့်က ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်ရှိ ကားဝပ်ရှော့ဆိုင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေ့လည်လောက်က လက်ကြီးကျည်ကျပြီးပေါက်ကွဲတာ။ ဆိုင်းတောင်က ကားဝပ်ရှော့ထဲကျတာ။ ကားကတော့မထိဘူး အမျိုးသားနှစ်ဦးတော့ ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ အခြေအနေမကောင်းဘူး။ စိုးရိမ်ရတယ်။ တစ်ယောက်ကတော့ တော်သေးတယ်ပြောရမယ်။ ဒီရက်ထဲ ပစ်တဲ့ခတ်တဲ့အသံတွေတော့ ကြားရတယ်။ လေကြောင်းတို့ လက် နက်ကြီးတို့ကတော့ အလာကျဲသွားပြီ။ ပြီးခဲ့တဲ့လတွေကဆို တော်တော်ဆိုးတာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်၊ ၁၂ နာရီကျော်ကလည်း ဖားကန့်မြို့၊ လုံးခင်းကျေး ရွာ (၄) ရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးသုံးဦး သေဆုံးကာ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အစိုးရတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ခပေါ်နေခဲ့ခြင်းကြောင့် ဒေသအတွင်း သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ဖားကန့်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်