ဖားကန့်-နန့်ယာကားလမ်း ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာ ဟုဆို

ရန်ကုန်၊ မတ် ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် နန့်ယာကားလမ်းမကြီး ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း သိရသည်။

ဧပြီ ၂၂ ရက်နေ့မှစ၍ ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို KIA နှင့် PDF တပ်ဖွဲ့တို့က ကားကြီ၊ ကားသေးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီးနောက် မြို့အတွင်းတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း သိရသည်။

“ဖားကန့် ဆိုင်းတောင် လုံးခင်း သာသာယာယာပါ မိုးတွေအုံနေတယ်။ လမ်းပိတ်တော့ ကုန်စျေးနှုန်းတော့ စျေးကြီးပေးရတာပေါ့။ ကုန်စျေးနှုန်းတွေ အဆမတန်စျေးကြီးလာတယ်။ ကြက်ဥအလုံး ၃၀ ပါ တစ်ကတ်ကို ၂၄၀,၀၀ ကျပ်ပေးရတယ်။ ကြက်သား ၁ ပိသာ ၂၅၀,၀၀၀ ကျပ်ပေးရတယ်။ ငါးကြင်း ၁ ပိသာ ၂၅၀,၀၀၀ ကျပ်၊ ဝက်သားစျေးကို မမေးရဲလို့ မမေးတော့ဘူး။ မှုးလဲမှာကြောက်လို့ ခရမ်းသီးနဲ့ အားလူးပဲ ဝယ်ပြန်ခဲ့ရတယ်။” ဟု ဖားကန့်မြို့ရှိ အိမ်ရှင်မတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို ယာယီပိတ်မည်ဟုဆိုကာ ယနေ့အချိန်အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိ၍ စျေးဆိုင်အချို့ပိတ်ထားရပြီး၊ စားသောက်ကုန်အချို့လည်း ပစ္စည်းများပြတ်လပ်လာကြောင်း သိရသည်။

“အဓိကတော့ KIO, KIA ကနေပြီးတော့ ဖားကန့်ကို တပ်မတော်က စစ်ကြောင်းထိုးလာပြီဆိုပြီးတော့ ဖားကန့်က ကာမိုင်းလမ်းပိုင်းကို ပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ အခုကုန်စျေးနှုန်းတွေအရမ်းမြင့်တက်တယ်။ တချို့စားသောက်ကုန်တွေဆို ပြတ်သွားပြီ။ စားသောက်ဆိုင်တချို့ဆိုလည်း ပိတ်ထားရပြီ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖားကန့်-နန့်ယားလမ်းပိုင်းတွင် ပိတ်ဆို့ထားခြင်းကြောင့် ကားကြီး၊ ကားသေးများ အတက်အဆင်းမရှိ၍ ကုန်စည်စီးဆင်းမှုများလည်း ရပ်ဆိုင်းနေရသည့်အပြင် ဆန်၊ ဆီ၊ ဆေးဝါးနှင့် လောင်စာဆီ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာကြောင်း သိရသည်။

ထို့သို့ ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများမှာ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နေရာအချို့တွင် တိုက်ပွဲများကြောင့် ဝက်သား၊ ကြက်သား၊ ငါး၊ အားလူးနှင့် ကြက်ဥ စသည့်စားသောက်ကုန်အချို့ စျေးနှုန်းမြင့်တက်လာခဲ့ရာ စစ်ရှောင်နေရသည့်ဒေသခံများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ(ဖားကန်-နန့်ယာကားလမ်း ကားများဖြတ်သန့်ခွင့်မရှိသေး)
ယနေ့ခေတ်

ဖားကန့်-နန့်ယာကားလမ်း ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.