ဥတ္တရသီရိမြို့နယ်တွင် ဝါးလုံးကားတိမ်းမှောက် ၁၆ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ဝါးလုံးများတင်ဆောင်လာသည့် ခြောက်ဘီးကားတိမ်းမှောက်ကာ ၁၆ ဦး သေဆုံးခဲ့ပြီး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်၊ နံနက် ၉ နာရီကျော်က ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြားရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးလုံးများခုတ်၍ သယ်ဆောင်လာသည့် ခြောက်ဘီးကားတစ်စီး မြေသားပျော့နေသည့်နေရာတွင် အရှိန်မထိန်းပဲ တိမ်းမှောက်ခဲ့ခြင်းကြောင့် အမျိုးသားကိုးဦးနှင့် အမျိုးသမီးခုနှစ်ဦး သေဆုံးခဲ့ပြီး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“မိုးစွေကျေးရွာနဲ့ လွင်သာယာကျေးရွာကြားမှာ ဝါးခုတ်ပြီးတော့ ပြန်ထွက်လာတဲ့ကားပေါ့ မြေသားလမ်းက လမ်းဘေးမှာ နည်းနည်းလေးပျော့နေတာရှိတယ်ဗျ။ အဲ့ဒီမှာ စတီယာတိုင်ခေါက်ပြီးတော့ ချောက်ထဲကိုပြုတ်ကျပြီး မှောက်တာ။ ကျွန်တော်တို့သတင်းရတဲ့အချိန်မှာသွားတော့ အကြမ်းဖျဉ်းတော့ စုစုပေါင်း ၃၃ ဦးလို့သိရတယ်။ သေသွားတဲ့အမျိုးသားကိုးယောက်နဲ့ အမျိုးသမီးခုနှစ်ယောက်ကိုတော့ အရင်ဆုံးဆေးရုံကိုပို့လိုက်တယ်ဗျ။ အနည်းငယ်ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးရုံးကိုပဲပို့လိုက်ပါတယ်။” ဟု ပန်းတင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဝါးလုံးကားတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူတို့ကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်

ဥတ္တရသီရိမြို့နယ်တွင် ဝါးလုံးကားတိမ်းမှောက် ၁၆ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.