ရန်ကုန်၊ ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာမှုကြောင့် ရပ်ကွက်အချို့ရှိနေအိမ်များ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရ သည်။
ဇူလိုင် ၂၆ ရက်နေ့မှစ၍ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာခြင်းကြောင့် ရပ်ကွက်ငါးခုထက်မနည်း နေအိမ်များပြောင်းရွှေ့ခဲ့ရကြောင်း သိရ သည်။
“ရေက မနေ့ကထဲက စဝင်တာ။ နေအိမ်တွေရွှေ့ရတာတော့ ရာနဲ့ချီမယ်ဗျ။ တော်တော်တော့များတယ်။ မိုးလုံလေလုံအားကစားရုံတွေထဲတော့ ရွှေ့ပြောင်းထားပေးပါတယ်။ စိုးရိမ်ရေအမှတ်ကို ရေကကျော်သွားပြီ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဘားအံမြို့တွင် နှစ်ရက်အတွင်း သံလွင်မြစ်၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာမှ ၉၀၂ စင်တီမီတာအထိ မြင့်တက်လာပြီး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည့်ဒေသခံအချို့ အဝတ်အထည်များလိုအပ်နေကြောင်း သိရသည်။
“ပြောင်းရွှေ့လာတဲ့သူတွေက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဆိုတော့ အဝတ်စားတွေတော့လိုတယ်။ နိုင်သလောက်ယူလာကြတဲ့သူတွေလည်းရှိတယ်။ လောလောဆယ်က ကယ် ဆယ်ရေးကိုဦးစားပေးနေပါတယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကရင်ပြည်နယ်၊ ဘာအံမြို့ရှိ နောင်ခရိုင်ရေဂူတွင် သံလွင်မြစ်ရေများဝင်ရောက်နေမှုကြောင့် ရေများနောက်နေကြောင်း ခရီသည်တစ်ဦးထံမှ သိရသည်။
“မြို့ထဲမှာတော့ရေတက်နေလို့ တခြားလမ်းကနေပတ်သွားရတယ်။ မြို့ခံတွေကိုယ်တိုင်ကိုက မော်တော်ပီကယ်လိုလုပ်ပြီး လမ်းပြပေးပါတယ်။ နောင်ခရိုင်ရေဂူလဲ ရေတွေနောက်နေပြီ။ အခက်အခဲကတော့ မိုးအရမ်းသည်းလေ မကောင်းလေပဲ။ မိုးရွာတိုင်း ဘားအံကမလှဘူး ရေကပိုပိုတက်ဖို့ပဲရှိတယ်။” ဟု ခရီးသည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဘာအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာခြင်းကြောင့် ရေဘေးရှောင်စခန်း ၁၀ ခုဖွင့်ထားကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘာအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ၅ ပေကျော်လွန်နေ၍ နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ထက် ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနက ယနေ့နံနက်တွင်ထုတ်ပြန်ထားကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ဘာအံ)
#ယနေ့ခေတ်
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်အမှတ်ကျော်လွန် နေအိမ်များ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်