ရန်ကုန်၊ ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေများ စိုးရိမ်အမှတ်ထက်ကျော်လွန်နေပြီး ဒေသခံသောင်းချီကာ ရေဘေးလွတ်ရသို့ ပြောင်းရွှေ့နေထိုင်ရပြီး စားနပ်ရိပ်က္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
ဇူလိုင် ၂၆ ရက်နေ့မှစ၍ လေးရက်အတွင်း ဘားအံမြို့တွင် သံလွင်မြစ်ရေများ ကျဆင်းသွားခြင်းမရှိ၍ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်လာပြီး ဒေခံသောင်းချီကာ ရေးဘေးလွတ် ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“ရေကမကျပဲ နည်းနည်းခြင်းတိုးလာတာ။ အခု မနေ့ကထက်ပိုတက်လာတယ်။ ဘာအံမြို့အတွင်းရော ကျေးရွာတချို့ရောဆိုရင် လူဦးရေသောင်ကျော်နေပြီ။ ရေဘေးရှောင်စခန်းတွေမှာလည်းနေကြရတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်းရှောင်ကြရတယ်။ ရေမကျသေးတော့ စားဖို့သောက်ဖို့အတွက်တွေ လိုနေပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ နေရာအချို့တွင် ရေဘေးစခန်း ၂၃ ခုထားရှိကာ၊ ရေဘေးသင့်နေအိမ် ၂၂၅၈ လုံးရှိခဲ့ပြီး၊ ရေဘေးသင့်သူ စုစုပေါင်း ၁၀,၂၁၄ ဦးရှိကြောင်း သိရ သည်။
ဘားအံမြို့ရှိ ကားလမ်းအချို့တွင် သံလွင်မြစ်ရေများ မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်နှင့် အိမ်စီးကားများသွားလာရန် အခက်အခဲရှိကြောင်း သိရသည်။
“ရေကတက်နေတုန်းပါ။ မငြိမ်ဘူးဖြစ်နေတယ်။ ဘားအံအထွက်လမ်းဆိုရင် ‘ညောင်ရိပ်’ဆီဆိုင်ကနေ ‘ချောစု’ဆီဆိုင်အထိက ရေများတယ်။ ကားကြီးတွေသွားတာများတယ်။ ကားအသေးက သွားတာနည်းတယ်။ ချောစုဆီဆိုင်ဘက်ဆို ဆိုင်ကယ်တွေပေးမသွားတော့ဘူး။ ရေစီးနဲ့မျောသွားရင် အသက်အန္တရာယ်ထိခိုင်နိုင်တယ်။” ဟု ကားလမ်းအပိုင်းတွင်ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာမှ ၉၂၆ စင်တီမီတာသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်နေမှစ၍ တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ဘားအံ၊ မြဝတီ၊ ဘီးလင်မြို့နှင့် ရှမ်းပြည်တောင်ပိုင်း ရွှေ ညောင်၊ ပင်းတယ စသည့်မြို့များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
#ယနေ့ခေတ်
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး ဒေသခံသောင်းချီ ရေဘေးရှောင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်