ရန်ကုန်၊ ဧပြီ ၂၉
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ မိန်းမလှကျွန်းတွင် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရသည့်ဒဏ်များဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၇ ရက်၊ ည ၇ နာရီကျော်က ဘိုကလေးမြို့၊ မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်းတွင် ဂဏန်းပိုက်ချနေသည့် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကောင်လေးက ချောင်းဗြဲကြီးကျေးမှာနေတာလို့တော့ပြောတယ်။ အဲ့ဘက်ကနေ ဂဏန်းပိုက်လာချတာ။ အသက်ကတော့ငယ်သေးတယ်။ သူရှိ ၁၈၊ ၁၉ နှစ်လောက်တော့ရှိမယ်။ အကောင်ကြီးက လှေကိုလှုပ်ပြီး ပြုတ်ကျလာအောင်လုပ်မှာပေါ့နော်။ ကိုက်တာလည်းဖြစ်နိုင်တယ်။ ကောင်လေးက ရေထဲပြုတ်အကျမှာ အဲ့အကောင်ကြီးက လိုက်ကိုက်ပုံရတယ်။ ကောင်းလေးက သိရသလောက်တော့ ကိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေသွားတယ်။ မိန်းမလှကျွန်းက မိကျောင်းအရမ်းပေါတယ်။ ရေလုပ်သားတွေအတွက် အတင့်မရဲဖို့တော့မယ်။ မိုးဦးလေးဦးကျစဆိုရင် သူတို့ကို သတိထားသွားလာမှရမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိကျောင်းကိုက်ခံရသည့် ဒဏ်ရာများဖြင့်သေဆုံးသွားသည့် ရုပ်အလောင်းကို ဒေသခံများက ဘိုကလေးမြို့ရှိ စက်ဆန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိကျောင်းသည် အလျား (၁၅) ပေခန့်၊ ဗြက် (၃) ပေခန့်ရှိကြောင်း ဒေသအတွင်းသတင်းများအရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် အမျိုးသားတစ်ဦး ငါးဖမ်းပိုက်သွားဖော်သည့်အချိန်တွင် မိကျောင်းဆွဲခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-Credit
ယနေ့ခေတ်
ဘိုကလေးမြို့တွင် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်