မအူပင်တွင် လူနာတင်ဆောင်လာသည့် လိုက်ထရပ်ကားနှင့် အိမ်စီးကားတို့တိုက်မိပြီး နှစ်ဦး​သေဆုံး

မအူပင်၊ ဇွန် ၁၅

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်မြို့နယ်၊ မင်းလမ်းတွင် ဇွန် ၁၅ ရက်၊ နံနက်အ​စောပိုင်းက လူနာတင်ဆောင်လာသည့် လိုက်ထရပ်ကားနှင့် ဖို့ဒ်ရိန်းဂျားတံဆိပ် အိမ်စီးကားတို့ အရှိန်ပြင်းစွာတိုက်မိခြင်း​ကြောင့် လူနှစ်ဦး​သေဆုံးခဲ့​ကြောင်း သိရသည်။

ပန်းတ​နော်မြို့နယ်မှ မအူပင်မြို့နယ်သို့ လူနာတင်​ဆောင်လာသည့် လိုက်ထရပ်ကားခါးပိုင်းအား အိမ်စီးကားတစ်စီးက ဝင်​ရောက်တိုက်မိခြင်း​ကြောင့် လူနှစ်ဦးနေရာတွင်သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

“ပန်းတနော်မြို့ကနေ မအူပင်မြို့နယ်မှာ လူနာကိုဆေးခန်းပြဖို့ လိုက်ထရပ်ကားနဲ့လာကြသူတွေပါ။ အခု ကားတိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ​နေရာမှာပဲ​သေဆုံးသွားကြပါတယ်” ဟု မအူပင်မြို့နယ် လူမှုကူညီ​ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​​ပြောသည်။

ဖို့ဒ်ရိန်းဂျား အိမ်စီးကားသည် မအူပင်​စျေးလမ်းအတွင်းမှ မင်းလမ်း​​ပေါ်သို့ အရှိန်ဖြင့်တက်လာချိန်တွင် လူနာတင်လိုက်ထရပ်ကားအား တိုက်မိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါယာဉ်တိုက်မှု​ကြောင့် ​သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မအူပင်မြို့နယ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မအူပင်မြို့ဆေးရုံကြီးသို့ ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် လမ်းအကျယ်အဝန်းကျဉ်း​မြောင်းခြင်း​ကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေပြီး ​ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာကျင့်သုံးနိုင်ရန်အတွက် လူထုအသိပညာ​ပေးများ ​ဆောင်ရွက်​ပေးရန် လိုအပ်​​နေ​ကြောင်း မအူပင်မြို့​နေ ဒေသခံများက ​ပြောကြားသည်။

#မြင့်မြတ်​အောင်မြင်

#ဓာတ်ပုံ – မအူပင်မြို့နယ်လူမှုကူညီ​ရေးအသင်း

#ယနေ့ခေတ်

မအူပင်တွင် လူနာတင်ဆောင်လာသည့် လိုက်ထရပ်ကားနှင့် အိမ်စီးကားတို့တိုက်မိပြီး နှစ်ဦး​သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.