ရန်ကုန်၊ ဇွန် ၂၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းသည် စိုးရိမ်ရေအမှတ်ကိုကျော်လွန်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး နေအိမ်များရေဘေးလွတ်ရသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့မှစ၍ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းသည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိကာ မြေနိမ့်ပိုင်းများ ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။
“ဒီနေ့ နေ့လည်အထိက မိုးကရွာနေတုန်းမိုးရွာတော့ ရေတက်လာတာက ပိုစိုးရိမ်ရတယ်ပြောရမယ်။ မြေနိမ့်ပိုင်းတွေဆို ပိုဆိုတယ်လာလို့ လှေတွေနဲ့ပဲရတော့တယ်။ အခုတော့ နီး စပ်ရာဆွေမျိုးအိမ်နဲ့ ကယ်ဆယ်ရေးဖွင့်ပေးထားတဲ့နေရာတွေမှာ နေကြပါတယ်။ ပြောင်းတဲ့သူရှိသလို မပြောင်းတဲ့သူတွေလည်းရှိတယ်။ စားဖို့သောက်ဖို့ကတော့ ဒီထက်ရေတက်လာဦးမယ်ဆို ခက်ခဲမှာပါ။ လှူတဲ့သူတွေတော့ လှူနေပါတယ်။ ရက်ကြာရင်တော့ အဆင်မပြေဘူးပေါ့နော်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးကောင်းမြို့တွင် စိုးရိမ်ရေအမှတ်သည် ၆၀၀ စင်တီမီတာမှ ၆၃၅ စင်တီမီတာသို့ ရောက်ရှိလာပြီး၊ မြေနိမ့်ပိုင်းရှိ ရပ်ကွက်များနှင့် စာသင်ကျောင်းများ ရေနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
“မိုအဆက်မပြတ်ရွာတော့ ချောင်းဆုံတဲ့နေရာတွေကနေ မြေနိမ့်ပိုင်းတွေအထိရေတွေရောက်လာတာ။ မြေနိမ့်ပိုင်းတော်တော်များများ ရေမြုပ်နေပြီ။ စာသင်းကျောင်းတွေလည်း ရေတော်တော်ဝင်တယ်။ ဒီအတိုင်းဆို ပိတ်ထားကြဖို့များပါတယ်။ ကယ်ဆယ်ရေးတွေနဲ့ ပရဟိတတွေကတော့ ကူညီပေးနေပါတယ်။ ရေက စိုးရိမ်ရတဲ့အခြေနေကို ကျော်လာပြီဆိုတော့ စိတ်ပူရတယ်။” ဟု မိုးကောင်းအမြို့ခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။
မိုးကောင်းမြို့ရှိ နန်းကောင်းချောင်းရေသည် တနိုင်းလမ်း၊ ဝါရာဇွပ်၊ ရှဒူဇွပ်၊ လဝါး၊ နန့်ယား၊ ကားမိုင်းဒေသများရှိ ချောင်းလတ်တက်များ၊ နန့်ကောင်းချောင်းအတွင်းသို့ စီးဝင်နေခြင်းကြောင့် နှစ်စဉ်ရေကြီးမှုများဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ရေကြီးရေလျှံဖြစ်ပွားနေသည့် မိုးကောင်းမြို့တွင် ဒေသအတွင်းရှိ ပရဟိတအသင်းများ၊ ကူညီကယ်ရေးများက ကြိုတင်ပြင်ဆင်ထားပြီး၊ စားနိပ်ရိက္ခာများပါ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့က၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ခင်းအချို့ရေနစ်မြုပ်ကာ ပျက်စီးနေကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းကို မိုး/ဇလမှ ယနေ့ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မိုးကောင်းမြို့ရေကြီးရေလျှံနေသည့်နေရာများ
ယနေ့ခေတ်
မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်