မြစ်ကြီးနားတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွား

ရန်ကုန်၊ ဩဂုတ်လ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးသည်းစွာရွာသွန်းခြင်းကြောင့် မြေနိမ့်ရှိရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်၊ ညပိုင်းမှစ၍ မြစ်ကြီးနားမြို့တွင် မိုးသည်းထန်ရွာသွန်းခြင်းကြောင့် ရမ်ပူရပ်ကွက်၊ လမ်းသွယ် (၁) နှင့် လမ်းသွယ် (၂) တို့ကြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ညဦးပိုင်းလောက်ကနေ မိုးစရွာတာ။ ဒီနေ့မနက်ပိုင်း မိုးကတော်တော်ကိုရွာလိုက်တာ။ နေအိမ်ထဲတောင် ရေတွေဝင်တယ်။ တစ်ချို့နေရာတွေဆို လူအရပ်တစ်ဝက်လောက်နစ်တယ်။ မိုးဆက်ရွာမယ်ဆိုရင်တော့ စိုးရိမ်ရတာပေါ့နော်။ သွားလာလို့တွေ အဆင်မပြေကြတော့ဘူးပေါ့။ လတ်တလောတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားလို့ရသလောက်သွားနေကြသေတယ်။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်းသည့်အခါ ရေမြောင်းပိတ်ဆို့မှုများဖြစ်ပွားပြီး ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း သိရသည်။

“မိုးကြီးတာတော့မှန်ပါတယ်။ မိုးကြီးပြီဆိုရင် ရေမြောင်းတွေက ပိတ်ဆို့နေတာ။ ရေမြောင်းတွေနည်းတာကြောင့် ရေစီးရေလာက မကောင်းတာကနေ ရေမဆင်းတော့တာများတယ်။ အဆောက်အဦးဆောက်တာတွေရှိရင် ပိုဆိုးတယ်။ ရေဆင်းပေါက်ပိတ်သလိုဖြစ်တာ။ မြေနိမ့်ပိုင်းကရပ်ကွက်တွေဆို ပိုဆိုးတာပေါ့။ အခုလောလောဆယ်တော့ နေရာမများသေးဘူး။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်ရေများ ဝင်ရောက်လာမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါ၊ လူဦးရေ ၁၅၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေခဲ့ရ ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မြင့်ငြမ်းအေး၊ မြို့သစ်ကြီး၊ လယ်ကုန်းရပ်ကွက် စသည့်နေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေရာအချို့တွင် မိုးသည်းထန် စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်၊ မေခမြစ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူဦးရေသောင်းချီကာက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်းနှင့် နေပြည်တော်တို့တွင် ရွာရန်ရွာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ စိုင်းခွန်အာကာက ယနေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က လူမှုကွန်ရက်တွင် ရေးသားထား သည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

မြစ်ကြီးနားတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.