မြစ်ကြီးနားတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ

ရန်ကုန်၊ မတ် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့ရှိ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံများသည် ၎င်းတို့ပိုင်ဆိုင်သည့် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကိုအသုံးပြုပြီး နှစ်ပေါင်းများစွား သွားလာလှုပ်ရှားစီးပွားရှာနေကြရာမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

“ဗုဒ္ဓဟူးနေ့ဆို မြစ်ကြီးနားမှာ လိုင်စင်မဲ့ကားတွေ၊ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။ အစိုးရဝန်ထမ်းတွေကို အိမ်ကနေ ရုံးအလုပ်လုပ်ဖို့ ထုတ်ပြန်ပြီးနောက်မှာ သတင်းထွက်လာတာ။ မြစ်ကြီးနားမြို့ပေါ်မှာက ဆိုင်ကယ်၊ သုံးဘီးနဲ့ ဈေးရောင်းသူတွေရှိတယ်။ အဲ့ဒီဈေးသယ်တွေအများစုက မနက်ဖြန်မထွက်ရဲကြတော့ဘူး။ သူတို့ဆိုင်ကယ်၊ သုံးဘီးတွေကိုဖမ်းပြီး အသိမ်းခံရမှာစိုးရိမ်လို့။ ယာဉ်အများစုကလည်း Without တွေဖြစ်လို့။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးရန် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ယခုရက်ပိုင်းအတွင်း ပညာပေးကာလအနေဖြင့် ဆိုင်ကယ်ဦးထုပ်၊ နံပါတ်ပြား စသည့်အရာများကိုစစ်ဆေးကာ အရေးယူ၊ ဒဏ်ရိုက်မှုများရှိနေကြောင်း သိရသည်။

“တရားဝင်ထုတ်ပြန်တာမရှိဘူး။ သို့သော် ဒီမှာက နေတိုင်းနီးပါးလို ရွေ့လျားဖမ်းဆီးနေတာ။ ဆိုင်ကယ်ဦးထုပ်၊ ဘက်မှန်၊ နံပါတ်ပြား၊ အဲ့တာတွေ စစ်ဆေးဖမ်းနေတာ။ ပြီးရင် ဒဏ်ရိုက်ပြန်လွတ် ပညာပေးကာလ အနေနဲ့ပေါ့။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြစ်ကြီးနားမြို့သည် တရုပ်နယ်စပ်နှင့်နီးစပ်သည့် ဒေသတစ်ခုဖြစ်ပြီး၊ အဆိုပါကားနှင့် ဆိုင်ကယ်အများစုသည် တရုတ်ဘက်မှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်လောက်မှစ၍ မြစ်ကြီးနားမြို့အသုံးပြုနေကြာသည့် ကားနှင့် ဆိုင်ကယ်များသည် အများအားဖြင့် လိုင်စင်မဲ့များဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-မင်းမင်း
ယနေ့ခေတ်

မြစ်ကြီးနားတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.