စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကိုအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ် ပြုလုပ်ဖွယ်ရှိ

ရန်ကုန်၊ ဧပြီ ၁

စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကိုအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားရန်လိုအပ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စက်သုံးဆီအခွန်အခများ လျော့ပေါ့ပေးနိုင်ရေးကိုလည်း အဆိုပါအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

“ပြည်တွင်းကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရေးအတွက် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် အဓိကထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်သုံးဆီဈေး မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများတင်သွင်းရာတွင် ကောက်ခံလျက်ရှိသည့် အခွန်အခများ လျော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လို အပ်သည်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်ရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးနှင့် ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေတို့ တက်ရောက်ကြကြောင်း သိရသည်။

ယနေ့ခေတ်

စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကိုအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ် ပြုလုပ်ဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.