ရန်ကုန်၊ မတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေရာအချို့တွင် လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများလုံခြုံစိတ်မချဖြစ်နေရပြီး အသက်အန္တရာယ်များကို စိုးရိမ်နေကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ်အတွင်း မြစ်ကြီးနားမြို့ နေရာအချို့တွင် ဆွဲကြိုးလုယက်မှု၊ ဆိုင်ကယ်လုယက်မှုနှင့် ခိုးဆိုးလုနှိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ဒေသခံများမှာ လုံခြုံမှုမရှိခံသလိုစားနေရကာ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေကြကြောင်း သိရသည်။
“အမျိုးသမီးတွေအနေနဲ့ဆို ပိုဆိုးတာပေါ့နော်။ သွားလာရတာမလုံခြုံဘူး။ တစ်ယောက်ထဲ ဆိုင်ကယ်နဲ့သွားလည်း အဆင်မပြေဘူး။ ဘေးကနေကပ်လိုက်လာပြီးတော့ လုသွားတာနဲ့ ညဘက်ဆိုစောင့်ပြီးလုကြတာနဲ့ တော်တော်ဆိုးပါတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကဆို ကောင်းမလေးကတစ်ယောက်ထဲသွားနေတုန်း ဆိုင်ကယ်ကိုလုသွားတာ။ ဒဏ်ရာတွေလည်းရတယ်။” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေရာ ဒေသအတွင်းရှိပြည်သူများ လုံခြုံမှုမရှိတော့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း မြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“မြစ်ကြီးနားမြို့ပေါ်မှာ ခပ်စိပ်စိပ်ဖြစ်နေတဲ့ ခိုးဆိုးလုယက်မှု ပြဿနာတွေကို တာဝန်ရှိအစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပေးဖို့ပါ။ ပြည်သူတွေမှာ လူစည်ကားတဲ့နေရာမှာလည်း အလုခံရသလို၊ လူပြတ်တဲ့နေရာမှာလည်း အလုခံနေရပါတယ်။ လုံခြုံမှုကင်းမဲ့လာသလို ခံစားရတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကို တိုက်ရိုက်ညွှန်ကြားစေလိုပါသည်။ ခိုးဆိုးလုယက်မှုပြဿနာတွေ ပပျောက်ဖို့ စီမံကိန်းဖြင့် ကျပ်မတ်ဆောင်ရွက်စေလိုပါသည်။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက သူ၏ Facebook အကောင့်တွင် ရေးသားထားသည်ကို တွေ့ရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဆိုင်ကယ်လုခံရသည့်အမျိုးသမီး(မြစ်ကြီးနားမြို့)
ယနေ့ခေတ်
မြစ်ကြီးမြို့နေရာအချို့တွင် လုယက်မှုများခပ်စိပ်စိပ်ဖြစ်ပွားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်