အစ္စလာမ်မာဘတ်၊ မတ် ၁၂
ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြားပိတ်ခြင်းသည် ပြင်းထန်သောအကျပ်အတည်းကို ဖြစ်ပေါ်စေမည့် ခြိမ်းခြောက်မှုများနှင့်အတူ စွမ်းအင်အကျပ်အ တည်းကိုလျှော့ချရန် ပါကစ္စတန်က ကျယ်ပြန့်သော အစီအမံများကို ကြေညာခဲ့သည်။
နိုင်ငံတစ်ဝှမ်းရှိကျောင်းများ ပိတ်မည်ဖြစ်ပြီး တက္ကသိုလ်များသည် နောက်နှစ်ပတ်အတွင်း အွန်လိုင်းသင်တန်းများသို့ ပြောင်းလဲမည်ဖြစ်သည်။ ရုံးဝန်ထမ်းများကိုလည်း လောင်စာဆီသုံးစွဲမှုလျှော့ချရေး အိမ်မှအလုပ်လုပ်ရန် ညွှန်ကြားထားသည်။
အစိုးရယာဉ်များအတွက် လောင်စာဆီထောက်ပံ့ကြေးကို နောက်နှစ်လအတွင်း ထက်ဝက်လျှော့ချမည်ဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ၊ အကြံပေးများနှင့် အထူးလက်ထောက်များသည် တူညီသောကာလအတွင်း ၎င်းတို့၏လစာများကို ဆန္ဒအလျောက် စွန့်လွှတ်မည်ဖြစ်သည်။
လွှတ်တော်အမတ်များသည် လစာ ၂၅ ရာခိုင်နှုန်း လျှော့ချခံရမည်ဖြစ်ပြီး၊ အစိုးရအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီးတွင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အထက်ပါအစီအမံများကို ချမှတ်ခဲ့ခြင်းဖြစ် သည်။
မဟာဗျူဟာမြောက် ရေလမ်းကြောင်းသည် ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းစီးဆင်းမှု၏ ငါးပုံတစ်ပုံခန့်ကိုကိုင်တွယ်ပြီး ၎င်းကိုပိတ်ဆို့လိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး လောင်စာဆီဈေးနှုန်းများကို သိသိသာသာမြင့်တက်စေခဲ့သည်။
ပြီးခဲ့သည့်အပတ်က ပါကစ္စတန်အစိုးရသည် လောင်စာဆီဈေးနှုန်းများကို တစ်လီတာလျှင် အမေရိကန်ဒေါ်လာ ၀.၂၀ ခန့် မြှင့်တင်ခြင်းဖြင့် လူထု၏ဒေါသကို နှိုးဆွခဲ့ပြီး မှတ်တမ်းများအရ အမြင့်မားဆုံး ဈေးနှုန်းမြင့်တက်မှုဖြစ်သည်။
ပါကစ္စတန်၏ စွမ်းအင်ကဏ္ဍသည် ပြည်ပမှတင်သွင်းလာသောရေနံနှင့် အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) ပေါ် တွင် များစွာမှီခိုနေရသည်။ အီရန်-အမေရိကန်-အစ္စရေးပဋိပက္ခကြောင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်နေသဖြင့် ရေနံရောင်းဝယ်သူများက အခြေအနေပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးကြသည်။
“ အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေပါက အစိုးရအနေဖြင့် အခြားလမ်းကြောင်းများမှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများကို ရယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်များ ပိုမိုမြင့်မားလာမည်ဖြစ်သည်” ဟု ပါကစ္စတန် ဓာတ်ဆီဆိုင်ပိုင်ရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ နိုမန်အလီဘတ်က မှတ်ချက်ပြုခဲ့သည်။
“ ဤပို့ဆောင်မှုများတွင် အကျုံးဝင်သော အာမခံကုမ္ပဏီများသည်လည်း ပိုမိုမြင့်မားသောနှုန်းထားများကို ကောက်ခံမည်ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပုံမှန်အားဖြင့် ၀.၅ ရာခိုင်နှုန်း ကောက်ခံပါက (ယခု) ၃ ရာခိုင်နှုန်းမှ ၄ ရာ ခိုင်နှုန်းအထိ ကောက်ခံနိုင်သည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
မသေချာမရေရာမှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဓာတ်ဆီဆိုင်များတွင် ရှည်လျားသော တန်းစီစောင့်ဆိုင်းမှုများ ပေါ် ပေါက်လာပြီး ထိတ်လန့်တကြား ဝယ်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည်။

“ ဈေးနှုန်းများ ဤကဲ့သို့ ဆက်လက်မြင့်တက်နေပါက မည်သို့စီမံခန့်ခွဲကြမည်နည်း” ဟု ဓာတ်ဆီဆိုင်တွင် စောင့်ဆိုင်းနေစဉ် ပါကစ္စတန်နိုင်ငံသား ပါထရာ့စ် မာဆီဟ်က CNA သို့ ပြောကြားခဲ့သည်။
“စီးပွားရေးလုပ်ငန်းများ ရုန်းကန်ရလိမ့်မည်၊ သယ်ယူပို့ဆောင်ရေးခများ မြင့်တက်လာလိမ့်မည်၊ နေ့စဉ်ဘဝသည် ပိုမိုခက်ခဲလာလိမ့်မည်။ အများစုမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီဖြစ်သည်။” ဟု ဆိုသည်။
လောင်စာဆီဈေးနှုန်းမြင့်တက်မှုသည် ပိုမိုကျယ်ပြန့်သောစီးပွားရေးကို ထိခိုက်စေပြီး ငွေကြေးဖောင်းပွမှုကို မြင့်တက်စေမည်ဟု လေ့လာသုံးသပ်သူများက သတိပေးကြသည်။
လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်ကြသောကြောင့် ဝင်ငွေနည်းအိမ်ထောင်စုများသည် အကျပ်အတည်း၏ အဓိကအကျိုးဆက်ကို ခံစားရမည်ဟု မျှော်လင့်ရသည်။ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော အဓိကကဏ္ဍများလည်း အန္တရာယ်ရှိသည်။
အထူးသဖြင့် ပို့ကုန်လုပ်ငန်းများသည် အားနည်းနေဆဲဖြစ်ပြီး ထုတ်လုပ်ရေးကဲ့သို့သော စွမ်းအင်အပေါ် မှီခိုနေရသော ကဏ္ဍများသည်လည်း ပါကစ္စတန်၏ တိုးပွားလာသော စီးပွားရေးဖိအားများနှင့် ရုန်းကန်နေရချိန်တွင် ဖိအားများကို ခံစားနေရသည်။
စီးပွားရေးပညာရှင်များက အစိုးရ၏အစီအမံများသည် စွမ်းအင်အရေးပေါ် အခြေအနေကို ကာကွယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မူဝါဒသုတေသနဌာနနှင့် ဈေးကွက်စီးပွားရေး၏ CEO အလီဆယ်မန်က စစ်ပွဲကို “ပါကစ္စတန်၏ စီးပွားရေးအတွက် အဓိကတုန်လှုပ်ချောက်ချားမှု” အဖြစ် ဖော်ပြခဲ့သည်။
“ဈေးနှုန်းများသည် ယခုထက် နှစ်ဆတိုးလာပါက အချက်နှစ်ချက်ကို ထိခိုက်စေမည်ဖြစ်သည်။ အိမ်ထောင်စုများ၏ ငွေကြေးဖောင်းပွမှု၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များ မြင့်တက်လာလိမ့်မည်။ ၎င်းသည် အစိုးရဝင်ငွေကိုလည်း ထိခိုက်စေလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းသည် ပါကစ္စတန်၏ ပို့ကုန်ဝင်ငွေ၏ အဓိကကျောရိုးဖြစ်သော အထည်အလိပ်ကဏ္ဍကိုလည်း ထိခိုက်နေပါသည်။
ထိခိုက်ခဲ့ရသောကုမ္ပဏီတစ်ခုမှာ Monarchy ဖြစ်သည်။ ဖက်ရှင်အမှတ်တံဆိပ် ၏ CEO Ali Qureshi က ၎င်းတို့ရောင်းအား၏ ၇၀ ရာခိုင်နှုန်းကျော်ကို အွန်လိုင်းမှရောင်းချကြောင်း ပြောကြားခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများမှ အွန်လိုင်းရောင်းအားမှာ သိသိသာသာကျဆင်းသွားခဲ့ပြီး လေဆိပ်များပိတ်သိမ်းခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကို အနှောင့်အ ယှက်ဖြစ်စေခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်မှာ ဒူဘိုင်း၊ ကာတာ၊ အိုမန်၊ ဆော်ဒီအာရေဗျကနေ ပါကစ္စတန်ကိုလာတဲ့အခါ ကျွန်တော်တို့ဆီကနေဝယ်ယူတဲ့ ဖောက်သည်တွေအများကြီးရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
သို့သော် ထိုဖောက်သည်လမ်းကြောင်းကို ဖြတ်တောက်လိုက်ပြီဟု ၎င်းက ပြောကြားခဲ့သည်။ “လေယာဉ်ခရီးစဉ်တွေပိတ်ထားလို့ လာလို့မရတော့ဘူး” ဟု ဆိုသည်။
Ref: channelnewsasia.com
ယနေ့ခေတ်
ရေနံဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ပါကစ္စတန်တွင် ကျယ်ပြန့်သော ချွေတာရေးအစီအမံများ ချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်