ရန်ကုန်၊ ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူများထိတ်လန့်ကာ တိုက်ခန်းပေါ်နှင့် အိမ်ထဲနေသူထိုင်သူများပါ အိမ်အပြင်သို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ဖေဖော်ရီ ၃ ရက်၊ ည ၁၀ နာရီ ၄ မိနစ်က မြန်မာနိုင်ငံအတွင်း ၁၀ မြို့ထက်မနည်း အင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်မှုကြောင့် ပြည်သူများထိတ်လန့်ကာ နေအိမ်အတွင်းမှ ထွက် ပြေးတိမ်းရှောင်ရသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။
“ဝရန်တာမှာ ထိုင်ပြီးဖုန်းကြည့်နေတာ။ အဲ့အချိန်မှာ ခန္တာကိုယ်က မူးသလိုဖြစ်တာနဲ့ ငလျင်လုပ်တာပဲ့ဆိုပြီး အိမ်ပေါ်ကဆင်းပြေးတာ။ လှေကားရင်းမှာ ခဏထိုင်သေးတယ်။ ပြီးမှ အိမ်ပြင်ထွက်ကြတာ။ ငလျင်လှုပ်တာက သိသာနေတယ် အသံတွေကျွတ်ကျွတ်နဲ့။ နောက် ၁၀ မိနစ်လောက်နေမှ ထပ်လှုပ်ရင်တော့ အိမ်ထဲမရဲတော့ဘူး။ တစ်ချို့အိမ်ဆို ပြို့မဲ့သ ဘောရှိတယ်။” ဟု ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် မန္တလေးမြို့တွင် တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တိုက်အမြင့်ပေါ်နေသူများ အောက်သို့ဆင်းပြေးခဲ့ရပြီး၊ စိုးရိမ်မှုများဖြစ်ခဲ့ရကြောင်း သိရသည်။
“ငလျင်က တစ်ရက်ထဲမှာတင် နှစ်ကြိမ်လှုပ်တာဆိုတော့ အရင်က ငလျင်ဒဏ် နာထားတဲ့ တိုက်အချို့တွေလည်းရှိတော့ စိုးရိမ်ရတယ်။ ညကလှုပ်တာတော့ တိုက်မြင့်တဲ့သူတွေက သိသာလို့ ဆင်းပြေးကြရတွေလည်းရှိတယ်။ အောက်မှာနေတဲ့သူတွေကတော့ မသိသာတော့ တစ်ချို့ကတော့ မထွက်ကြဘူး။” ဟု မန္တလေးမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယမန်နေ့ညက ငလျင်လှုပ်ခတ်မှုကို ပုဂံမြို့ပါခံစားခဲ့ရသော်လည်း ထိခိုက်ပျက် စီးမှုမရှိကြောင်း ပုဂံမြို့ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်၊ ည ၁၀ နာရီ ၄ မိနစ် ၂ စက္ကန့်တွင် ရခိုင်ပြည်နယ်အတွင်း အင်အား ၆.၀ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီး၊ မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ပြင်ဦးလွင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ညောင်ဦး၊ နေပြည်တော်၊ မကွေးနှင့် ရန်ကုန်မြို့နေရာအချို့တွင် အင်အား ၅.၄ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်၊ ည ၁၀ နာရီ၊ ၁၃ မိနစ် ၅၇ စက္ကန့်အချိန်ကလည်း ရန်ကုန်မြို့အတွင်းရှိ ကြည့်မြင်တိုင်၊ တာမွေ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ သာကေတ၊ မြောက်ဥက္ကလား စသည့်မြို့နယ်များတွင် ၄.၅ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-သီရိမာလာ မီးသတ်
#ချစ်ချစ်ခိုင်
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်