ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဖားပြင်ကျေးရွာတွင် တိုက်ပွဲများကြောင့် သုံးလအကြာပိတ်ထားသည့်လမ်းမှ ဖြတ်လာသည့် လူငယ်နှစ်ဦးမိုင်းထိမှန်ကာ နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
ဖော်ဝါရီ ၄ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က ဖားကန့်မြို့၊ ဖားပြင်ကျေးရွာ၊ ဥရုချောင်းဘေးသွားလမ်းတွင် အသက် ၁၅ နှစ်နှင့် ၂၀ ကြားလူငယ်နှစ်ဦး ဆိုင်ကယ်ဖြင့်ဖြတ်သွားရာမှ မိုင်းထိမှန်ကာ နေရာတွင်သေဆုံးသွားခဲ့ကြောင် သိရသည်။
“အဲ့ဒီဘက်ကတော့ စစ်ဆိုင်ထားတာ။ မိုင်းထိပြီးနောက်ပိုင်းမှာ ရပ်မိရပ်ဖတွေ သွားကြည့်တဲ့အချိန်မှာ အသက် ၁၅ နှစ်နှင့် ၂၀ ကြားကလေးနှစ်ယောက်သေနေတာတွေ့တာပဲ။ ဘယ်ကမှန်းတော့မသိဘူး။ တိုက်ပွဲကလည်း တောက်လျှောက်ဖြစ်နေတဲ့ကြားထဲမှာဆိုတော့ ဒီမိုင်းကွဲတဲ့အချိန်မှာ အသံပဲကြားလိုက်တယ်။ ဘယ်သူမှ ချက်ချင်းသွားမကြည့်နိုင်ဘူး။ လေ ယာဉ်ကလည်း လာသေးတယ်။ လေယာဉ်လာပြီးမှ နည်းနည်းလေးငြိမ်ပြီးမှသွားကြည့်တာ။ ဒီကလေးနှစ်ယောက်ဆုံးတာတွေ့တာ။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုင်းထိကာ သေးဆုံးသွားသည့် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ရှိ ဖားပြင်သုဿန်တွင်ထားရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ဖားကန့်မြို့ မရှီကထောင်နှင့် ရေအေးချောင်ရပ်ကွက်၊ ထုံးဘိုရပ်ကွက်တို့ တွင် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့၊ ဆိပ်မှုကြီးကျေးရွာ၊ မရှီကထောင်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာတို့တွင် နလအတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး၊ လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူနှင့် ကလေးငယ်အပါအဝင် ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-CJ
#ချစ်ချစ်ခိုင်
ဖားကန့်တွင် လူငယ်နှစ်ဦးမိုင်းထိကာ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်