ဘေကျင်း၊ ဇန်နဝါရီ ၂၉
တရုတ်နိုင်ငံသည် အွန်လိုင်းလိမ်လည်မှုအဖွဲ့များ၏ အဓိကအဖွဲ့ဝင်များအပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက်ဂိုဏ်းများမှ ရာဇဝတ်သား ၁၁ ဦးကို ကွပ် မျက်ခဲ့ကြောင်း တ ရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါရာဇဝတ်သား ၁၁ ဦးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့ပြီး အရှေ့ပိုင်း ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုတရားရုံးမှ ကွပ်မျက်ခဲ့ကြောင်း၊ ရာဇဝတ်သားများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ Xinhua က သတင်းထုတ်ပြန်သည်။
ကွပ်မျက်ခံရသူ ၁၁ ဦးစလုံးသည် နာမည်ဆိုးဖြင့်ကျော်ကြားသော မြီမိသားစုမှ အဖွဲ့ဝင်များဖြစ်ကြောင်း BBC က ဖော်ပြသည်။
၎င်းမိသားစုသည် တရုတ်နိုင်ငံနှင့် နယ်စပ်အနီးရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိတ်ဆိတ်ငြိမ်သက်သော မြို့တစ်မြို့ဖြစ်သည့် လောက်ကိုင်မြို့ကို စီမံခန့်ခွဲသော မိသားစုများစွာထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏အုပ်ချုပ်မှု အောက်တွင် ဆင်းရဲနွမ်းပါးသော ဒေသခံအများအပြား နေထိုင်သည့်မြို့သည် ကာစီနိုများနှင့် တရားမဝင်လုပ်ငန်းများ၏ စည်ကားသောဗဟိုချက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့၏ လိမ်လည်မှုအင်ပါယာများသည် ၂၀၂၃ ခုနှစ်တွင်ပြိုလဲခဲ့ပြီး လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း လောက်ကိုင်ကို ထိန်းချုပ်ထားသော လူမျိုးစုလက်နက်ကိုင်များက ၎င်းတို့ကိုဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အရှေ့တောင်အာရှအိမ်နီးချင်းများဖြစ်သည့် ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ဒေသတွင်းပျံ့နှံ့နေသော အွန်လိုင်းလိမ်လည်မှုစင်တာများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ရလဒ်အနေဖြင့် ရာဇဝတ်မှုဆိုင်ရာ သံသယရှိသူ သောင်းနှင့်ချီ၍ နေရပ်ပြန်ပို့ခံခဲ့ရကြောင်း နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။
ယမန်နှစ်က တရုတ်နိုင်ငံ၏ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသော တရုတ်နိုင်ငံသား ၇၆၀၀ ကျော်ကို တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၏ မျက်နှာချင်းဆိုင်တွင်ရှိသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနယ်စပ်ရှိ မြဝတီမြို့မှ နေရပ်ပြန်ပို့ခဲ့ကြောင်း ပြောကြားသည်။
ယခုလအစောပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာတန်သော ဆိုက်ဘာလိမ်လည်မှုကွန်ရက်၏ ရှေ့တန်းဖြစ်သော စီးပွားရေးလုပ်ငန်းစုတစ်ခုကို ဦးဆောင်နေသည်ဟု အမေရိကန်ကစွပ်စွဲထားသည့် တရုတ်လုပ်ငန်းရှင်ကြီး ချန်ဇီကို တရုတ်နိုင်ငံထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
Ref: bangkokpost.com
#ယနေ့ခေတ်
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်လိမ်လည်မှုဂိုဏ်းများနှင့် ဆက်စပ်နေသော ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်