မြိတ်မြို့တွင် စက်သုံးဆီသိုလှောင်ကန်မီးလောင် သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၇

တနင်္လာရီတိုင်း၊ မြိတ်မြို့တွင် စက်သုံးဆီသိုလှောင်ကန်နှင့် အရောင်းဆိုင်တွင် ဆီဖြည့်ရာမှ ဝါယာရှော့ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ အမျိုးသားသုံးဦး သေဆုံးကာ၊ တစ်ဦးမီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၇ ရက်၊ နံနက် ၇ နာရီကျော်က၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ စုံခေါင်းကော်ပတ်တောရပ်၊ ဘိုးဘွားရိပ်သာလမ်းတွင် စက်သုံးဆီသိုလှောင်ကန်နှင့် အရောင်းဆိုင်တွင် ဆီဖြည့်ရာမှ ဝါယာရှော့ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသားသုံးဦးသေဆုံးကာ၊ တစ်ဦးမီးလောင်ဒဏ်ရာများရရှိခဲ့ပြီး သိန်းလေးရာကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ဆီသယ်ယာဉ်မှ ဆီသိုလှောင်ကန်ကိုဆီဖြည့်ဖိုပြင်နေတဲ့အချိန် ဒိုင်နမိုကတစ်ဆင့် ဆီသယ်ယာဉ်ဦးခေါင်းကနေ ဝါယာရှော့ဖြစ်တာ။ အနီးကရှိတဲ့ လောင်စာဆီငွေ့တွေနဲ့ထိပြီးတော့ ဒီဇယ်ဆီဂါလံ(၁၀,၀၀၀)ဆန့်တဲ့ ဆီသိုလှောင်ကန်ကို မီးကူးစက်လောင်တာ။ ဆိုင်ဝန်ထမ်းထဲက အသက် ၁၈ နှစ်နဲ့ အသက် ၂၈ နှစ်အရွယ်ရယ် အသက် ၅၀ အရွယ်အပါအဝင် စုစုပေါင်းသုံးဦးသေတယ်။ တစ်ယောက်က မီးလောင်ဒဏ်ရာရတယ်။ ဆုံးရှုံးမှုက သိန်းလေးရာကျော်တော့ရှိပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူတို့ကို ရှင်သန်ခြင်းလူမှုရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် နံနက် ၇ နာရီ၊ မိနစ် ၅၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၉ နာရီ၊ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်ကူညီကာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်၊ နေ့လည်း ၁၂ နာရီကျော်ကလည်း မအူပင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ (၇)လမ်းတွင် ကြယ်စင်ဧရာ ဆီဆိုင်အတွင်း ဓာတ်ဆီလှယ်ရာမှတဆင့် ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ပြီး၊ ဆီလာဖြည့်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး၊ ဝန်ထမ်းငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

မြိတ်မြို့တွင် စက်သုံးဆီသိုလှောင်ကန်မီးလောင် သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.